Chapter [ 9 ]

2.3K 433 36
                                    

"ငါ့မောင်လည်း ကျောင်းပြန်ဖွင့်တော့မှာပဲ...အဆောင် ဘယ်နေ့သွားမှာလဲ"

"လာမယ့် စနေ၊ တနင်္ဂနွေ တစ်ရက်ရက်ပေါ့"

မနက်ခင်းအစော ပန်းချိုးပြီး ခဏနားချိန်တွင် ပန်းခင်းရှင် မမငွေမှုန်က သုတတို့ အလုပ်သမားတွေကို သာကူကျို တိုက်သည်။

"ထပ်ယူဦးမလား သုတ"

"တော်ပြီမမ...ကျွန်တော် မနက်စာ စားထားတော့ သိပ်မသောက်နိုင်လို့"

မမငွေမှုန်က သုတရဲ့အစ်မ မမဆုမွန်ရဲ့ငယ်သူငယ်ချင်းဆိုတော့ သူ့ကိုလည်း မောင်အရင်းလေးလို ဆက်ဆံတတ်၏။

"ပန်းကန်ထားလိုက် ခဏနေမှ မမ ဆေးမယ်"

"ရတယ် မမ...တစ်ခါတည်း ဆေးလိုက်ပြီ"

သုတ သောက်ထားသည့် သာကူကျိုပန်းကန်ကို ပန်းတဲ အပြင်ရှိ ရေအင်တုံတွင် ဆေးမှောက်ခဲ့လိုက်ပြီး အလုပ်မစခင် ပန်းခင်းထဲမှ ခဏထွက်ခဲ့သည်။

"ကျွန်တော် တောင်ပေါ် ခဏသွားလိုက်ဦးမယ် မမ"

"အေးအေး"

မမငွေမှုန်တို့ ပန်းခင်းကြီးက ၂ဧကခန့်ကျယ်ဝန်းပြီး အခုရာသီက ဆမ်းမားဝါတွေပွင့်ချိန်မို့ တစ်ခင်းလုံးနီးပါး အဝါရောင်လွှမ်းနေလေသည်။

ဒီနှစ် ပန်းကောင်းတာမို့ အခင်းပြတ်ရောင်းထားသည့် မမငွေမှုန်တို့ တော်တော်မြတ်ဦးမှာပင်။

ပန်းစိုက်တာကလည်း ပင်ပန်းရင်ပင်ပန်းသလောက် အကျိုးအမြတ် ခံစားရပေမယ့် ရာသီဥတုဖျက်ရင်တော့ အရှုံးကြီး ရှုံးတတ်သည်။

မမငွေမှုန်ကတော့ စေတနာကောင်းသည့်အခင်းရှင်မို့လားမသိ။ တော်ရုံ မမြတ်ရင်တောင် အရင်းပြန်ကာမိတာများ၏။

လုပ်အားခ ပေးတာတောင် တခြားပန်းခင်းတွေက တစ်ရက် ခုနှစ်ထောင်ဆို မမငွေမှုန်ကတော့ တစ်သောင်း ပေးတတ်တာမျိုး။

အခုလို ပန်းချိုးချိန်ဆိုရင်တော့ မနက်အစောကြီးကတည်းက ထချိုးကြရတာမို့ တစ်ရက် တစ်သောင်းခွဲလောက်ရသည်။

ပုံမှန်က လုပ်အားခကို ငါးရက်တစ်စျေးနေ့တိုင်း ရှင်းပေးပေမယ့်  သုတကတော့ ကျောင်းပိတ်ရက်ရှည် ၂လ လုံးလုံး လုပ်သည့် လုပ်အားခတွေကို မထုတ်ဘဲ မမငွေမှုန်ဆီမှာပဲ စုထားတတ်၏။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now