"ငါ ဆံပင်ညှပ်ဦးမယ်"
ခိုင်မြဲနှင့်အတူ စျေးဝယ်ထွက်ရင်း စိုင်းဟန်လျန်း သွားနေကျ ဆံပင်ညှပ်ဆိုင်ကို ဝင်မည်ပြုတော့ ခိုင်မြဲက သူ့လက်ကို ဖမ်းဆွဲကာ...
"တခြားဆိုင်ကို သွားရအောင်" ဟု ဆိုလာသည်။
"ဘာလို့လဲ...ငါ ဒီမှာပဲ ညှပ်လို့အဆင်ပြေတာကို"
ထိုဆိုင်ရှေ့ကနေ သူ့အား အတင်း လက်ဆွဲခေါ်သွားသည့် ခိုင်မြဲက သူမေးတာကို ပြန်မဖြေဘဲ ခပ်လှမ်းလှမ်းကိုရောက်ခါမှ...
"အဲဒီဆိုင်က တစ်ယောက်က မင်းကို တအားကပ်လို့"
"ငါ့ကို ဆံပင်ညှပ်ပေးနေကျ ကိုမင်းကို ပြောတာလား"
"ဟုတ်တယ်"
"သူက အဲလိုပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ရင်းရင်းနှီးနှီးနေတတ်တာပါ ခိုင်မြဲရ"
တစ်ခါတလေကျတော့ ခိုင်မြဲက သူ့အနားရှိ လူတွေကို အဆိုးမြင်လွန်းသည်ဟု စိုင်းဟန်လျန် တွေးမိသည်။
ပထမနှစ်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းဆိုပေမယ့်လည်း ခုနောက်ပိုင်းတွေမှာ ခိုင်မြဲက သူ့ရဲ့ကိစ္စတွေကို လိုတာထက်ပိုပြီး ဝင်စွက်ဖက်လာသည်ဟုလည်း ခံစားရ၏။"ထားလိုက်တော့...ငါ ဆံပင်ညှပ်ဖို့ စိတ်မပါတော့ဘူး"
"ဒါဆိုလည်း မနက်ဖြန်မှညှပ်...ငါ့အသိ ဆိုင်တစ်ဆိုင်ကို လိုက်ပို့ပေးမယ်...ဟုတ်ပြီလား"
"ငါ မနက်ဖြန် မအားဘူး"
"ဘယ်သွားမှာလဲ"
"ကိုထိုက်စံတို့အိမ်မှာ Choco ကို သွားကြည့်မလို့"
သူတို့နှစ်ယောက် မြေညီထပ်ရှိ Car parking ကို ပြန်ဆင်းလာကြသည်အထိ ခိုင်မြဲက ဘာစကားမှ ထပ်မပြောတော့ စိုင်းဟန်လျန်းလည်း နှုတ်ဆိတ်လျက်သာ နေဖြစ်သည်။
"ဒါနဲ့ အဲဒီလူက ပွေတယ်လို့ ကြားတယ်"
ကားပေါ်ရောက်ခါမှ သူ့ကို စကားပြန်ပြောလာသည့် ခိုင်မြဲက မျက်နှာတော့ သိပ်မကြည်။
"ငါ့ Daddy တို့ အသိုင်းအဝိုင်းမှာတော့ နာမည်ကြီးပဲတဲ့"
ခိုင်မြဲက ဘာကြောင့်များ အဲဒီအကြောင်းတွေ သူ့ကို ပြောပြနေရသလဲဆိုတာ စိုင်းဟန်လျန်း နားမလည်နိုင်ပေ။