ပကတိ ငြိမ်းချမ်းလှတဲ့
စျာန့်ရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေရင်း Daniel ရဲ့ အာရုံတွေ ပြန်ကြည်လင်လာသလိုပါပဲ။အကြည့်ချင်း ဆုံမိတိုင်း သူ့အသည်းနှလုံးကို တလှပ်လှပ်ခုန်စေတဲ့ အညိုရောင်ဖျော့ဖျော့မျက်ဝန်းတွေရယ်။
တွေ့လိုက်တိုင်း ရင်ထဲ ငြိမ့်ကနဲအေးစေတဲ့ အပြုံးတစ်ပွင့်ရယ်။
"Daniel သဘက်ခါ ပြန်ဖို့ သေချာသွားပြီပေါ့လေ"
"ဟုတ်တယ် စျာန်...အလုပ်ကိစ္စ အရေးကြီးလို့တော့ မဟုတ်ပေမယ့် ကိုယ့်ညီမရဲ့ မင်္ဂလာပွဲ နီးပြီမို့ပါ"
စျာန့်လိုပဲ Daniel က မိသားစုမှာ သားအကြီးဆုံးဖြစ်သည်။ မွေးချင်းတွေကတော့ သူ့ထက် ငါးနှစ်ငယ်သည့်ညီမတစ်ယောက်နှင့် ဆယ်နှစ်ငယ်သည့် ညီတစ်ယောက်ရှိ၏။
"အဲဒီနေ့ကျ ကျွန်တော် လေဆိပ်ကို လိုက်ပို့မယ်လေ"
"ဟုတ်ကဲ့ပါ"
Daniel ပြုံးလိုက်ပေမယ့် စိတ်ကတော့ မပျော်ပါလေ။ စျာန်နှင့်ခွဲရမှာက တစ်ကြောင်း၊ သူ စျာန့်ကို Monaco သို့ အလည်လိုက်စေချင်ပေမယ့် စျာန်က နောက်တစ်ပတ်ထဲမှာ အညာမြေကို ခရီးထွက်ဖို့ရှိသည့်အတွက် သူ့နောက်မလိုက်နိုင်တော့တာကတစ်ကြောင်း။
"ကိုယ်တော့ ပြန်ရင် လွမ်းတိုင်းကို လွမ်းနေရတော့မှာပဲ"
"ကျွန်တော်တို့ လွမ်းတိုင်းမှာ လူကြီးတွေပြောကြတဲ့စကားတစ်ခုရှိတယ်"
"ဘာများလဲ စျာန်"
"လွမ်းတိုင်းကို တစ်ခါရောက်ဖူးရင် နောက်ထပ်လည်း အကြိမ်ကြိမ် ပြန်ရောက်တယ်တဲ့လေ"
"မှန်တဲ့စကား ဖြစ်မယ် ထင်တယ်နော်"
"အဲဒါကြောင့် Daniel လည်း နောက်တစ်ခါ ထပ်ရောက်ရင် ရောက်မှာပေါ့"
Daniel ပြုံးမိတော့ စျာန်ကလည်း ပြုံးပါရဲ့။ အဲဒီအပြုံးကို ထပ်မြင်ရဖို့ တစ်ခုတည်းနဲ့တင် Danielက လွမ်းတိုင်းကို ထပ်လာဖို့ သေချာနေပြီးသားပင်။
"မနက်ကျရင် ကျွန်တော်တို့ ဘုရားသွားကြမယ် မဟုတ်လား စျာန်"
"အင်း...Daniel နေကောင်းရင်လေ"
"ကိုယ် မနက်ဖြန် မဖျားတော့အောင် ဂရုစိုက်လိုက်ပါ့မယ်...တစ်ခုတောင်းဆိုချင်တာက ဘုရားသွားတဲ့အခါကျ ကိုယ် မြန်မာ ဝတ်စုံ ဝတ်လို့ရမလား"