"ကျော်ဇော"
"ဝေ့"
"ကိုစိုင်းမာန်က မင်းရဲ့လိပ်စာ တောင်းသွားတယ်တဲ့"
"လာရှာပြီးပြီ"
အပြင်ကနေ အမောတကော ပြန်ပြေးလာပုံရသည့် ရှိန်ဇေက ကျော်ဇော လှန်းနေသည့် navy ပြာ Shirt အင်္ကျီကို မြင်တော့မှ အခြေအနေကို သဘောပေါက်သွားပုံရသည်။
"ဘာမဟုတ်တာလေးနဲ့ အဆောင်ထိ လာရှာပြီးတော့ အင်္ကျီပြန်လျှော်ခိုင်းရလောက်အောင် ရမယ်ရှာတတ်တဲ့လူမျိုး မဟုတ်ပါဘူး"
"မင်းကသာ ရမယ်မရှာဘူး ပြောနေ...ငါ့ကို မနက်ဖြန် ပြန်လာပို့တဲ့"
"မဟုတ်သေးဘူး...တစ်ခုခုတော့ တစ်ခုခုပဲ"
"ဘာလဲ...ငါ့ကို ထပ်ချိန်းပြီး ထိုးမလို့များလား"
"ဘယ်မှာ ချိန်းတာလဲ မင်းကို"
"Neon bar ရှေ့ ၆နာရီတဲ့"
"ငါ လိုက်ကူရမလား"
"မင်း မနက်ဖြန် ဂျာကြီးနဲ့ Site အသစ်ကို သွားကြည့်ဖို့ရှိတယ်လေ"
"အေး...အဲဒါကလည်း ငါမပါလို့ မဖြစ်ဘူး...ဒီလိုလုပ်လေ...ငါ အဲဒီအင်္ကျီကို စိုင်းစေးနဲ့ လူကြုံပြန်ထည့်ပေးလိုက်မယ်"
"အဲလိုကျတော့လည်း တစ်မျိုးမြင်မှာ စိုးရသေး...နေပါ...ငါ တစ်ယောက်တည်း သွားလိုက်မယ်...ထိုးတော့လည်း ပြန်ထိုးရုံပေါ့"
"တစ်ခုခုဆို ငါ့ကို ဖုန်းဆက်"
"အေး"
ကျော်ဇော နောက်နေ့မနက် ၉နာရီကနေ ညနေ ၄နာရီအထိ အလုပ်ဝင်ရပြီးအဆောင်ကိုပြန်ရောက်တော့ ၄နာရီခွဲ။
သူ ရေချိုးပြီးတော့ ၅နာရီ ထိုးနေပြီမို့ အပြင်သွားဖို့အတွက် ခပ်သွက်သွက် ပြင်ဆင်ရသည်။
မနေ့ညက မိုးရွာလို့ သူ အခန်းထဲကို ရွှေ့လှန်းထားသည့် Navy ပြာ Shirt အင်္ကျီက ကောင်းကောင်းခြောက်နေပြီ ဆိုပေမယ့် သန့်သန့်ပြန့်ပြန့်ဖြစ်အောင် မီးပူတိုက်ဖို့တော့ လိုနေသေး၏။
"Hello...ရှိန်ဇေ"
"ပြော"
"ငါ မင်းရဲ့အခန်းထဲက မီးပူ ခဏငှားဦးမယ်"