Andrian မင်္ဂလာဦးအိမ်မှာ ပထမဆုံးအိပ်ရတဲ့ည ဖြစ်သော်လည်း တစ်ရေးမှ လန့်မနိုးဘဲ ကောင်းကောင်း အိပ်ပျော်ခဲ့သည်။
မနက် ၇နာရီဝန်းကျင်တွင် သူ နိုးလာတော့ အိပ်ရာကနေ ထထချင်း လှိုက်ကာချထားသည့် တံခါးပေါက်နားကို သွားလိုက်၏။
တံခါးဘောင်နား ကပ်ရပ်ကာ ဇာအနားတွန့်နှင့်ကြည်ပြာရောင် ခန်းဆီးစလေးကို သာသာ လှပ်ကြည့်မိသည့်အခါ ကိုမော်ကွန်းရဲ့အခန်းဘက်မှာ တိတ်ဆိတ်လို့နေပြီး သူ လှမ်းမြင်နေရသည့် ကိုမော်ကွန်းရဲ့အိပ်ရာကလည်း သပ်သပ်ရပ်ရပ်သိမ်းထားပြီး ဖြစ်သည်။
"အိပ်ရာ ထသွားပြီပဲ"
Andrian ခပ်တိုးတိုး ရေရွတ်မိကာ ခန်းဆီးစကို အသာ ပြန်ချလိုက်သည်။
သူ အိပ်ရာသိမ်း၊ မျက်နှာသစ်၊သွားတိုက်၊ အဝတ်လဲပြီးမှ အိမ်အောက်ထပ်သို့ ဆင်းသွားတော့ မီးဖိုချောင်ဘက်ကနေ အသံတွေကြားရ၏။
"ကိုမော်ကွန်း"
ခေါ်သံလာရာ မီးဖိုခန်းဝဆီ လှည့်ကြည့်လာသည့် ကိုမော်ကွန်းက သူ့ကိုမြင်တော့ ပြုံးပြသည်။ ရင်ထဲကလာတဲ့အပြုံးမို့ထင်သည်။ ကိုမော်ကွန်းရဲ့အပြုံးက အမြဲတမ်း ချိုသာနေ၏။
"အိပ်ရေးဝရဲ့လား"
သူ ခေါင်းညိတ်ပြကာ မီးဖိုဆောင်ထဲ လှမ်းဝင်သွားလိုက်တော့ ကိုမော်ကွန်းက သူထိုင်ဖို့အတွက် ခုံတစ်လုံး အသင့် ဆွဲထားပေးပြီးသား။
"ကိုမော်ကွန်း ဘယ်အချိန်ကတည်းက အိပ်ရာနိုးနေတာလဲ"
"၅နာရီ"
"အစောကြီးပဲ"
"ကိုယ် အဲဒီအချိန် ထနေကျမို့ပါ"
ကိုမော်ကွန်း သူ့ရှေ့မှာ အရင်ချပေးလာတဲ့ ပန်းကန်ကို ကြည့်လိုက်တော့
စတော်ဘယ်ရီယို သုတ်ထားတဲ့ပေါင်မုန့်မီးကင် နှစ်ချပ်ရယ်၊ ကြက်ဥ Half-fry တစ်ချပ်ရယ်ပါသည်။"ဒါက ဒေါက်ခွရွက်ဖျော်ရည် (Spinach juice)...ပန်းသီးနဲ့ရောဖျော်ထားတာမို့ သောက်ရမခက်ဘူး...ရီယန့် ကျန်းမာရေးအတွက်ကောင်းတာမို့ ကုန်သလောက်တော့ သောက်ပေးနော်"