"အဖေရေ...ကျွန်တော် ညနေမှ စက်ရုံဘက် ဝင်ခဲ့မယ်နော"
"အေးအေး"
"သားလတ် ထမင်းချိုင့် ယူပြီးပြီလား"
"ပါတယ် အမေ"
နိုင်ယံခန့် မနက်စာ စားပြီး အိမ်ကနေ ထွက်လာတော့ မိုးဖွဲဖွဲလေးပဲ ရွာနေပေမယ့် တောင်ပေါ်က လက်ဖက်ခင်းထဲလည်း ရောက်ရော မိုးကသည်းလာ၏။
ရာသီဥတု အခြေအနေက သိပ်မဟန်တာမို့ ဒီနေ့ ခန့်မှန်းထားသလောက် အလုပ်တွင်လိမ့်မည်မထင်။
သူ မနက်ပိုင်းကို လက်ဖက်ခင်းထဲမှာ လုပ်စရာရှိတာလုပ်ပြီး နေ့လယ်ပိုင်းကျ အာလူးခင်းထဲ သွားရဦးမှာဖြစ်သည်။
ယခုလို မိုးဦးကျကာလဆိုရင် သူ့မှာလုပ်စရာတွေက တစ်ပုံတစ်ပင်။
နေ့စဥ် မနက် ၈နာရီကနေ ညနေ ၅နာရီအထိ အလုပ်လုပ်တာတောင် အချိန်က လောက်ချင်တာမဟုတ်။
နိုင်ယံခန့် စိုက်ပျိုးရေးတက္ကသိုလ်ကနေ ဘွဲ့ရပါပြီ ဆိုကတည်းက အိမ်ရဲ့စီးပွားရေးတစ်ခုလုံးကို သူပဲ ပခုံးပြောင်း တာဝန်ယူလိုက်ပြီး အသက် ၅၀ ကျော်ပြီဖြစ်သည့်အဖေ့ကို နားနားနေနေပဲ နေစေတော့၏။
လက်ဖက် စက်ရုံထောင်တော့မှ သူ တစ်ယောက်တည်း မနိုင်တာနဲ့ အဖေက ကူပြီး ကြီးကြပ်ပေးနေခြင်းပင်။
သူတို့အိမ်ရဲ့အဓိက ဝင်ငွေကို လက်ဖက်စိုက်ပျိုးရေးကနေ ရပြီး ဒုတိယစီးပွားရေးအနေနဲ့ကတော့ အာလူးစိုက်သည်။
လွမ်းတိုင်းရွာရှိ လက်ဖက်ခင်းနှင့်အာလူးခင်း ဧကပေါင်း ရာချီရဲ့သုံးပုံ တစ်ပုံကို နိုင်ယံခန့်တို့မိသားစုက ပိုင်တာဖြစ်ပြီး အခု နိုင်ယံခန့် ဦးစီးလုပ်ကိုင်နေချိန်တွင် ထိုလုပ်ငန်းများ အရင်ကထက် ပိုပြီး ဖြစ်ထွန်း အောင်မြင်လာ၏။
တိုင်းရင်းဆေးသမားတော် အဘိုးနှင့်အငြိမ်းစားကျောင်းအုပ် အဘွားတို့ လက်ထက်ကတည်းက ပုံရိပ်ကောင်းခဲ့သည့် မိသားစုမို့ ဒီတိုက်နယ်တစ်ဝန်းမှာ နိုင်ယံခန့်တို့ ညီအစ်ကိုတွေကို လူသိများပါသည်။
နိုင်ယံခန့်တို့ ငယ်စဥ်ကတည်းက
ဘယ်သူ့မြေး၊ ဘယ်သူ့သားဆိုတဲ့ နာမည်အခံ ရှိပြီးသားဖြစ်ကာ ထက်မြက်သည့် လက်မှုပညာရှင် အမေနှင့် စည်းကမ်းကောင်းသည့် အထက်တန်းပြဆရာမ ဒေါ်လေးတို့ရဲ့ ထိန်းကျောင်းမှုအောက်မှာ သားကောင်းလိမ္မာတွေအဖြစ် အရွယ်ရောက်လာကြတာပင်။
![](https://img.wattpad.com/cover/368699372-288-k295152.jpg)