ကျော်ဇောတို့တွေ ကလောမရောက်ခင် အောင်ပန်းကို အရင်ဝင်ကြသည်။ အချိန်က နေ့လယ် ၁၁နာရီခွဲဖြစ်၍ သူ့အိမ်မှာ ခဏနား၊ နေ့လယ်စာ စားပြီးမှပဲ ကလောသို့ သွားလည်ဖို့ စီစဥ်ထား၏။
"အမေ့"
"သား"
ကြော်ငြာထဲကလိုမျိုး ကျော်ဇော သူ့အမေကိုအော်ခေါ်ပြီး နှုတ်ဆက်လိုက်တော့ အမေကလည်း ဆိုင်ထဲကနေ ဝမ်းသာအားရ ထွက်ကြိုပါသည်။
"ဟယ်...စိုင်းမာန်နဲ့အတူလာတာလား"
"မင်္ဂလာပါ အန်တီ"
"မနှင်းတို့ရော နေကောင်းကြတယ်မလား စိုင်းမာန်"
"ဟုတ်ကဲ့ ကျန်းကျန်းမာမာပါပဲဗျ"
"ကိုစိုင်းမာန်က ကျွန်တော့်ဘော်ဒါအသစ်လေ...ဒီမှာ နေ့လယ်စာကျွေးဖို့ခေါ်လာတာ...ပြီးရင် ကလောကိုသွားလည်ကြမှာ"
"အိမ်ဘက်ကိုသွားရအောင်လေ...မီးမီး နေ့လယ်စာချက်နေတယ်...သားတို့ တခြားဘာစားဦးမလဲ...မေ့ ပြင်ပေးမယ်"
"နေပါစေဗျ...ကျွန်တော်က ဧည့်သည်မှ မဟုတ်ဘဲ...အန်တီ ဆိုင်မှာ လုပ်စရာရှိတာ လုပ်ပါ"
"ဒါဆိုလည်း ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားနော...အေးဆေးလည်ဦး"
"ဟုတ်ကဲ့ခင်ဗျ"
"လာ...ကိုစိုင်းမာန်"
အရင်တစ်ခါ သူတို့နှစ်ယောက် ဒီအိမ်မှာ တွေ့တုန်းက တစ်ယောက်နှင့်တစ်ယောက် ခပ်တန်းတန်းဖြစ်နေခဲ့ပေမယ့် အခုကျတော့လည်း ဘော်ဒါရင်းတွေလိုပင်။
"မီးမီး!"
"ဝေး"
"နင် ဘာဟင်းချက်လဲ"
"အခုပဲ ငါးသလောက်ပေါင်းပြီးတာ...ကိုသားငယ်က ပြန်လာပြန်ပြီလား"
"ဟ...ငါ့အိမ်ငါ ပြန်တာ ဘာဖြစ်လဲ"
"ကိုသားငယ် ပြန်လာရင် တစ်အိမ်လုံးဖွသွား...အဲ...ဧည့်သည်ပါတာပဲ"
မီးမီးက သူနှင့်အတူ ထမင်းစားခန်းထဲသို့ ဝင်လာသည့် ကိုစိုင်းမာန်ကို မြင်မှ မျက်နှာက ဖော်ရွေသွားတော့သည်။
"ဟိုတစ်ခါ လာတဲ့ အန်တီနန်းဝေရဲ့သားလေ"
"မှတ်မိတယ်...ထိုင်ပါဦး...နေ့လယ်စာပြင်ပေးမယ်"