"ကျော်ဇော...ကျော်ဇော"
Bartender က စိတ်ရှည်လက်ရှည် နှိုးနေပေမယ့် "ရည်းစားလိုချင်တယ်"လို့ အော်ပြီး ထပ်မှောက်သွားပြီဖြစ်သည့် ဂုဏ်ရှိန်ကျော်ဇောကတော့ ပထမတစ်ခါလို ခေါင်းမထောင်လာနိုင်တော့ပေ။
"ဒုက္ခပဲ...ဆက်သွယ်ပေးလို့ရမယ့်သူကိုလည်း မသိ"
တကယ်ဆို Neon bar မှာ အငှားကားမောင်းသည့် Driver တွေရှိသော်လည်း လိပ်စာပေးထားသည့် Club Memberဝင်တွေမှ မဟုတ်ရင် အဆင်မပြေ။
"ကျစ်"
စိုင်းမာန် ဒီအတိုင်း ကြည့်မနေနိုင်တော့ သူ့ ဖုန်းကို ထုတ်ပြီး Contact ထဲက ရှိန်ဇေ့နံပါတ်ကို ဆက်လိုက်ရတော့သည်။
"Hello"
တစ်ဖက်က ဖုန်းဖြေသူဟာ ရှိန်ဇေမဟုတ်ပါဘဲ သူ့ညီစိုင်းစေး ဖြစ်နေတော့ စိုင်းမာန်ရဲ့နားထင်သွေးတွေ ဒိတ်ကနဲတိုးသွား၏။
"Hello...ဇေရှိန်ဟန် အိပ်နေပြီမို့ပါ...အခုဆက်တာ ဘယ်သူလဲ ခင်ဗျာ"
ရှိန်ဇေက သူ့ဖုန်းနံပါတ်ကို မှတ်ထားပုံမရတာမို့ စိုင်းမာန် တိတ်တဆိတ်ပဲ ဖုန်းပြန်ချလိုက်ရသည်။ ဖုန်းဆက်တာ သူမှန်းသိသွားရင် ရှိန်ဇေနှင့်အတူ ရှိနေသည့် သူ့ညီ စိုင်းစေးစေး ရှက်သွားမှာစိုး၍ပင်။
"Jaydon...ငါ ခေါ်သွားလိုက်မယ်"
"ကျော်ဇောက ကိုမာန်နဲ့အသိလား"
"သိတယ်"
"တော်သေးတာပေါ့...ကျွန်တော် ဘယ်လိုပြန်ပို့ပေးရမလဲဆိုပြီး စိတ်ပူနေတာ"
ဒီအချိန်က Bar မှာ ဧည့်သည်ကျချိန်ဖြစ်ပြီး Jaydon လည်း အလုပ်များနေတာမို့ ဒီအရှုပ်ထုပ်လေးကို စိုင်းမာန်သယ်သွားရဖို့ ဖြစ်လာတော့သည်။
"သူ ကားပါလား"
"ပါတယ် ကိုမာန်...သော့အပ်ထားတယ်"
"ဒါဆို ကားပါ အပ်ထားပေးခဲ့မယ်...ငါ့ကားနဲ့ ခေါ်သွားလိုက်မှာမို့"
"ဟုတ်ကဲ့...စိတ်ချပါ"
ည ၈နာရီဝန်းကျင်မှာ စိုင်းမာန် Bar ထဲ ဝင်လာကတည်းက ကျော်ဇော အရက်သောက်နေတာကို မြင်ခဲ့သည်။ ည ၁၀နာရီတွင် စိုင်းမာန် မိတ်ဆွေတစ်ယောက်နှင့်တွေ့ပြီး ပြန်ဆင်းလာသည့်အချိန်အထိ ကျော်ဇော ရှိနေသေးတော့ စိတ်ပျက်မိစွာ ရပ်ကြည့်နေခဲ့ခြင်းပင်။