Chapter [ 23 ]

5.3K 693 232
                                    

"ခင်စရာ မင်စရာ...ရူပါရုံချောသူ သက်လျာ ကြင်နာစွာ မောင့်စိတ်ထဲမှာ...ချစ်မိတာ ကြိုက်မိတာ..."

အင်ဂျင်နီယာဆောင်ရှေ့ရှိ စိန်ပန်းပြာပင်အောက်တွင် ဂစ်တာခေါက်နေသည့်အောင်မိုးတို့အုပ်စုထဲမှာ ကျော်ဇောရဲ့သီချင်းဆိုသံက အကျယ်ဆုံးပင်။

"စေတနာ...ဝေဖြာ... ခင်သူဇာ လှပျိုမျက်နှာ...အသည်းထဲမှာ စွဲကာ...ထာဝစဥ်သာ ခင်မင်တာ..."

ခင်သူဇာဆိုတဲ့နေရာကို အသံလေးမြှင့်ပြီးအော်လိုက်သေးသည့် ကျော်ဇောကို သူ့သူငယ်ချင်း ရှိန်ဇေက အဆောင်ပေါ်ကနေ လှမ်းကြည့်ပြီး မျက်လုံးတွေနဲ့ အသံတိတ် ဆဲနေလေသည်။

တစ်နေ့လာလည်း ဒီတစ်ပုဒ်...နှစ်နေ့လာလည်း ဒီတစ်ပုဒ်။ ရှိန်ဇေတင်မက ဘေးဆောင်မှတက္ကသိုလ်ကျောင်းသားများပင်လျှင် နားကြားပြင်းကပ်နေကြပါပြီ။

အကြောင်းမှာ အန်တီမေရဲ့ထမင်းဆိုင်မှ အန်တီမေ့တူမ မနန်းသူဇာခင်အတွက်ရည်ရွယ်သည့် သီချင်းမို့ သူဇာဟုပါသော "ဘရဏီ" သီချင်းကိုသာ နေ့တိုင်းဆိုနေကြခြင်းပင်။

"ချစ်မေတ္တာ ဖြိုးကြွကာ...မိုးကျမယ် အလှသူဇာ...ကြည်နူးစွာ ဖူးစာဖက်နဲ့ အကြောင်းဆက်နိုင်အောင်သာ...အိုး... ဒေဝါ သကြား မ, စပါ"

ကျော်ဇောတို့ ပိုးလည်းပိုးလောက်ချင်စရာ မနန်းသူဇာခင်ကလည်း သိပ်ကို လှပါသည်။ အသက် ၂၇နှစ်အရွယ်၊ အမျိုးသမီးချည်ထည်အဝတ်တွေ ချုပ်လုပ်၊ဖြန့်ချီနေသည့် Online Shop တစ်ခုရဲ့Founder လုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်။

အခုလက်ရှိ မနန်းသူဇာက ချစ်သူ၊ရည်းစား မရှိဘူးဟု သတင်းအတိအကျရထားတာမို့ အန်တီမေ့ဆိုင်မှာ ကျော်ဇောတို့အဆောင်က အင်ဂျင်နီယာတွေသာမက၊ အန်တီမေ့ဆိုင်မှာ ထမင်းစားနေကျ အဆောင်ကျောင်းသားတွေပါ ​ခြေချင်းလိမ်နေကြတာပင်။

မနန်းသူဇာရောက်လာမှ အန်တီမေ့ထမင်းဆိုင်က အရင်ကထက် ရောင်းအားနှစ်ဆ တက်သွားတာပဲ ကြည့်ပါတော့။

တစ်ခုရှိတာက ကျောင်းကတည်းက သူငယ်ချင်းတွေကြားမှာ "ချိန်ပါ" ဟု အစခံရသည့်ကျော်ဇောတစ်ယောက်လည်း  မနန်းသူဇာကိုချိန်နေတာမို့ အားလုံးက မျက်ခုံးလှုပ်နေကြရသည်လေ။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now