Chapter [ 8 ]

3K 438 76
                                    

စျာန်ဩရသည် ဦးအောင်ထွန်းနှင့်ဒေါ်သီတာတို့၏ သားကြီးဩရသ ဖြစ်သည်။

သူ့အောက်တွင် ညီ သုံးယောက် ရှိကာ ညီလတ် နိုင်ယံခန့်က သူနှင့်အသက် ၂နှစ်ကျော် ကွာပြီး ညီငယ် ဇေရှိန်ဟန်ကတော့ သူ့ထက် ၅ နှစ်နီးပါးငယ်၏။ ညီအထွေးဆုံးလေး မုဒိတာလွမ်းနှင့်သူကတော့ အသက်ကွာဟချက်က ၁၀စုနှစ် တစ်ခုစာပင်။

ဩဂုတ်လ ၉ရက်နေ့၊ ၁၉၉၄ ခုနှစ် မွေးသည့် သူက အင်္ဂါသားဖြစ်ပြီး သူ့နာမည် စျာန်ဩရ ဆိုတာ အဘွားမှည့်ပေးထားသည့်နာမည်ဖြစ်သည်။

သူက မိသားစုမှာ မြေးဦး၊သားဦးမို့ ဘိုးဘွား၊မိဘများရဲ့ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရပြီး အခုထက်ထိလည်း အဘိုး၊အဘွားတွေက တခြားမြေးများထက် သူ့ကို ပိုချစ်ကြတုန်းပင်။

မိသားစုက ပေးသည့် အချစ်တွေနှင့်ထိုက်တန်အောင် ငယ်ငယ်ကတည်းက လိမ္မာရေးခြား ရှိသည့် သူကလည်း အိမ်မှာဆို ညီတွေရဲ့အားကိုး အားထားရာ အစ်ကိုကြီး တစ်ယောက် ပီသသလို
ကျောင်းမှာဆိုလည်း တခြားကျောင်းသားများ အတုယူရသည့် စံပြတစ်ယောက်ဖြစ်ခဲ့၏။

ပင်ကိုယ်ဗီဇကိုက အေးချမ်းသည့်ဓာတ်အခံရှိသော သူက ဘယ်အရာကိုမဆို မေတ္တာတရားနှင့်ယှဥ်ကြည့်ကာ အကောင်းဘက်က တွေးတာများသည်။

သူ လူမှန်း သိတတ်စ အရွယ်တွင် အသား၊ငါး လုံးဝ ကျွေးမရတော့ အမေက သူ့မွေးနေ့ အင်္ဂါနေ့ တစ်ရက်ကို သားသတ်လွတ် ချက်ကျွေးမှာမို့ ကျန်ရက်များကိုတော့ အာဟာရပြည့်ဝအောင် အသား၊ငါး စားပါဟု ချော့ချော့မော့မော့ ပြောခဲ့ရသည်ဟုဆို၏။

ထိုအရွယ်ကနေ အခုအရွယ်ထိ မွေးနေ့တိုင်း သားသတ်လွတ်စားလေ့ရှိသည့်သူက မူးယစ်သေစာလည်း ရှောင်ပါသည်။

သူ အသက် ၁၀နှစ်သား အရွယ်တွင် ၇နှစ်အရွယ် ညီလတ်နှင့်အတူ ရှင်ပြုအလှူလုပ်တော့ ညီလတ်က တခြားကလေးတွေလိုပဲ ကိုရင် ၁လ ဝတ်ပေမယ့် သူကတော့ ဘုန်းကြီးရဟန်းဖြစ်သည့်အချိန်အထိ သာမဏေဘဝနဲ့နေတော့မည်ဟု ဆို၍ အမေ့မှာ ငိုငိုယိုယိုဖြင့် လူထွက်ခိုင်းခဲ့ရဖူးသည်။

𝑴𝒊𝒍𝒍𝒆𝒏𝒏𝒊𝒂𝒍 𝑴𝑬𝑵Where stories live. Discover now