တိတ်ဆိတ်နေသော အိမ်က ထက်ပိုင်ကို အေးစက်စွာ ကြိုဆိုနေသည်။ ထက်ပိုင် ရေစိုအ၀တ်များကိုကန်ချွတ်လိုက်သည်။ မျက်ရည်များက တားဆီးမရဘဲ ကျလာပြန်သည်။
သည်းနေသောမိုးသည် အငြိုးကြီးစွာ မတိတ်နိုင်ဘဲ ဆက်လက် ရွာသွန်းနေသည်။ သစ်ကိုင်းပွတ်သံများ၊ မိုးခြိမ်းသံများနှင့် တစ်ချက်တစ်ချက်လက်လာသော လျှပ်စီးများကို မှန်ပြတင်းပေါက်မှ လှမ်းမြင်နေရသည်။ အစကတည်းက အလင်းသိပ်မရှိသော နေ့လည်ခင်းမှ ညနေစောင်းကာ တစ်လောကလုံး အမှောင်ဖုံးနေပြီးဖြစ်သည်။
တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။ ထက်ပိုင်ထမဖွင့်ဘဲ နားကိုသာနာနာပိတ်ထားလိုက်သည်။ အခန်းတံခါးတွန်းဖွင့်ဝင်လာသံနှင့်အတူ ထက်ပိုင်ဘေးမှ မွေ့ရာ အိကျသွားသည်။ ဖေဖေဖြစ်မည်မှန်း သိလိုက်ပေမယ့် ထက်ပိုင်ကျောပေးထားရာမှ လှည့်မကြည့်။
"သား ညစာစားရအောင်"
"......"
"ဆက်ပိုင်ရောသား.. ဘယ်မှာလဲ...."
"....."
"ထက်ပိုင်.. ဖေဖေမေးနေတယ်.."
သူ ဒေါသထွက်ကာ အံကြိတ်မိသည်။ ဖေဖေ စိတ်ဝင်စားသည်မှာ ဒီကောင်လေး အကြောင်းပဲဖြစ်သည်။ မေမေ သူ့ကိုအမြဲတမ်းထားခဲ့မှာကိုလည်း စိတ်မ၀င်စား။ သူ မေမေ့ကိုဘယ်လောက်လွမ်းနေသည်ကိုလည်း ဂရုမစိုက်။ မေမေ့ဘေးနားတွင် အခုအချိန် အခြားတစ်ယောက်ရှိနေသည်ဆိုတာကိုလည်း မသိချင်။ ဖေဖေ သည် ဆက်ပိုင်ဆိုသောကောင်လေးမှလွဲ၍ ဘယ်သူ့ကိုမှ ထည့်မစဉ်းစားတော့။
"မေမေအိမ်ပြန်လာအောင် ဖေဖေခေါ်ပေးမယ်ဆို..."
"ဖေဖေအခု ဆက်ပိုင်ဘယ်မှာလဲလို့မေးနေတာ"
"ကျွန်တော်မေးတာကို အရင်ဖြေ.. မေမေ့ကိုဘာလို့အခုထိ ပြန်မခေါ်ပေးသေးတာလဲ.."
"သား.."
"မေမေ ဘယ်ကိုခရီးသွားမှာလဲ.. ဘယ်တော့ပြန်လာမှာလဲ...."
ဝမ်းနည်းနာကျင်သွားတဲ့ ဖေဖေ့မျက်နှာကိုကြည့်ရင်း မေမေ တကယ်ပဲ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ ထက်ပိုင် နားလည်လိုက်သည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...