ကျယ်ပြန့်ခန်းနားလွန်းသော ဟိုတယ်ဧည့်ခန်းမကျယ်ကြီးတစ်ခုလုံး လှပသောမီးဆိုင်းများနှင့် ထိန်ထိန်လင်းနေသည်။ ဖြူဖွေးသော၊ ရှည်လျားသော လိုက်ကာဖြူကြီးများမှာ အခန်းပတ်ပတ်လည်ကို တိမ်စိုင် တိမ်ခဲများနှင့် ဖုံးကွယ်ထားသည့်အလား ငြိမ်သက်တည်ရှိနေကြသည်။ ခန်းမကျယ်ကြီးတစ်ခုလုံးရှိ စားပွဲတိုင်းမှာ လှပမွှေးကြိုင်သော နှင်းဆီပန်းနီဖြူများနှင့် အလှဆင်ထားသည်။ စားပွဲများအလယ်မှ ကတ္တီပါအနီရောင်လမ်းခင်းမှာ ဖြောင့်ဖြူးစွာဖြင့် သတို့သား၊ သတို့သမီးနေရာသို့ ဦးဆောင်နေသည်။
ဆက်ပိုင် ခန်းမကျယ်ကိုတစ်ချက်လှမ်းကြည့်ရင်း နောက်ပြန်လျှောက်ကာ နားနေခန်းငယ်ထဲသို့ လှမ်းဝင်လာခဲ့သည်။ ထိန်လင်းသောမီးဆိုင်းများ၊ အေးစက်သော လေအေးပေးစက်နှင့် မွှေးကြိုင်သော ပန်းနံ့များက သူ့ခေါင်းတစ်ခုလုံးကို မူးနောက်စေသည်။ နားနေခန်းကို နောက်ပြန်တံခါးပိတ်ပြီးမှ အခန်းထဲမှာ သူတစ်ယောက်တည်းသာမဟုတ်ဘဲ ထက်ပိုင်ပါရှိနေသည်ကို သတိထားမိလိုက်သည်။ နောက်ပြန်လှည့်သွားဖို့က နောက်ကျသွားပြီဖြစ်သည်။
"ရွှေစင်ရော ကိုထက်.."
"အ၀တ်အစားသွားလဲတယ်.. ထိုင်လေ.. မင်း ပင်ပန်းနေပြီလား.."
ဆက်ပိုင် ထက်ပိုင်ရှေ့မှဆိုဖာထိုင်ခုံပေါ် မငြင်းနိုင်စွာဝင်ထိုင်လိုက်သည်။ သူ တကယ်ပင် ပင်ပန်းနေပြီဖြစ်သည်။ ခရီးပန်းသည်ရော၊ အိပ်ပျက်ညများပါပေါင်းကာ မျက်စိမဖွင့်ချင်တော့လောက်အောင် ခံစားမိသည်။
"ကိုထက်ရော.."
"နည်းနည်းခေါင်းကိုက်တာတစ်ခုပဲ.."
"ဆေးသောက်မလား.. ကျွန်တော်သွားရှာပေးမယ်.."
"နေ.. ဆက်ပိုင်.. ရတယ်.."
ထက်ပိုင်သည် သူနှင့်မသက်ဆိုင်တော့ဆိုတာကို အကြိမ်ပေါင်းများစွာ တစ်ယောက်တည်း ရေရွတ်မိပေမယ့် တကယ်တမ်းစိတ်မပူဘဲ မနေနိုင်။ ထက်ပိုင် ဆိုဖာထိုင်ခုံနောက်မှီကို ခေါင်းတင်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။ သူပိုင်ဆိုင်ခွင့်ရော၊ အနားမှာရှိခွင့်ပါ မရှိတော့သည့် ထက်ပိုင်သည် နီးကပ်စွာရှိနေပါလျက်နှင့် ဝေးကွာလွန်းသလို ခံစားရသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...