ဆက်ပိုင်စားပွဲမှာ ငြိမ်သက်စွာ ထိုင်နေမိသည်။ အေးစက်နေပြီဖြစ်သော မနက်စာက အရာမယွင်းသေး။
"သားငယ်.. မင်းသူငယ်ချင်း ရန်နိုင်လာတယ်.."
ဧည့်ခန်းမှ ဦးထွန်းဟန် ခေါ်သံကြောင့် ဆက်ပိုင် အိမ်ရှေ့ထွက်လာခဲ့သည်။ ဂျင်းဘောင်းဘီရှည်နှင့် နေကာမျက်မှန်တပ်ထားသော ရန်နိုင့်ကိုကြည့်ပြီးပြုံးမိသည်။ အရပ်မြင့်မြင့်နှင့် ရန်နိုင်မှာ အခုလိုသားသားနားနား ၀တ်စားထားလျှင် ရုပ်ရှင်မင်းသားဟန် ပေါက်နေတတ်သည်။
"မင်း..ဘာလာလုပ်တာလဲကွ.."
"ဘာလာလုပ်ရမှာလဲ.. မင်းအသက်ရှိသေးရဲ့လား လာကြည့်တာ.."
ရန်နိုင် ဦးထွန်းဟန်ကို နှုတ်ဆက်ပြီး ဆက်ပိုင်နောက်မှလိုက်လာကာ အခန်းထဲဝင်လာခဲ့သည်။
"ဆိုင်ကို မင်းဒီအတိုင်းပစ်ထားခဲ့လား..."
"ဒီနေ့အန်တီဖက်တီးလာတယ်.."
"အေး... အဲဒီအတိုင်းဆက်ခေါ်.. နောက်အလုပ်ပြုတ်မှ နောင်တမရနဲ့.."
ဆက်ပိုင် ရေချိုးခန်းထဲဝင်ကာ သွားတိုက်၊ မျက်နှာသစ်လိုက်သည်။ လက်ခုပ်ထဲမှ ရေအေးအေးနှင့် မျက်နှာကို ခပ်ကြာကြာ စိမ်သစ်လိုက်သည်။ ရန်နိုင်စာကြည့်စားပွဲမှာ ထိုင်နေရင်း ရေချိုးခန်းထဲမှ ထွက်လာသော ဆက်ပိုင်ကို လှမ်းမေးလိုက်သည်။
"မင်း ဘယ်လိုနေသေးလဲ.."
"ဟင်.. ဘာဖြစ်လို့လဲ.. ကောင်းပါတယ်.. ခေါင်းနည်းနည်းကိုက်တာတစ်ခုပဲ.."
ဆက်ပိုင် မျက်နှာသုတ်ပုဝါဖြင့် မျက်နှာကိုဖိသုတ်လိုက်သည်။
"မင်းဘာမှမမှတ်မိဘူးလား.."
"ဘာကိုလဲကွ..."
ဆက်ပိုင် နားမလည်စွာ ရန်နိုင့်ကိုလှမ်းကြည့်လိုက်သည်။ ပြီးမှ မျက်နှာပျက်သွားသည်။
"ဟေ့ကောင် .. ငါ ညက မူးပြီး တစ်ခုခုပြောမိလား.."
ရန်နိုင်မဖြေ။ ပြုံးရုံသာပြုံးကာ စားပွဲပေါ်မှ ဘောပင်တစ်ချောင်းကို လက်မနှင့် လက်ညှိုးညှပ်ကာ ပတ်ချာလှည့်နေသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...