မိနစ်ပိုင်းအတွင်းမှာ အိမ်ရှေ့မှ ကားရပ်သံကို ကြားလိုက်ရသည်မို့ မင်းသူ အိမ်ရှေ့ကို ပြေးထွက်လာမိသည်။ ရန်နိုင့်ကားပေါ်မှ ဆင်းလာသော ဆက်ပိုင်နှုတ်ခမ်းများ တင်းတင်းစေ့ထားသည်။ မျက်မှောင်ကြုတ်ထားပေမယ့် မျက်လုံးဝိုင်းများမှာ စိုးရိမ်ပူပန်ရိပ်များရှိနေသည်။
"ကိုမင်းသူ ဘယ်တုန်းကရောက်လဲ..."
"အခုနကပဲ"
ဆက်ပိုင် အိတ်ထဲမှ ဆေးသေတ္တာအမည်းရောင်ကို တွေ့လိုက်ရသည်။ ဆက်ပိုင်လည်း အခုရက်ပိုင်းအတွင်း ယူပစ်လိုက်သလို ပိန်ကျသွားသည်ကို မင်းသူ သတိထားမိလိုက်သည်။ ဆက်ပိုင် မင်းသူကိုကျော်ဖြတ်ကာ အခန်းထဲသို့ခြေလှမ်းကျဲဖြင့် လှမ်းဝင်သွားသည်။
ကုတင်ပေါ်မှ ထက်ပိုင်ကို လှမ်းကြည့်ပြီး ဆက်ပိုင် မျက်နှာအတော်ပျက်သွားသည်။ ချက်ချင်းလိုလို ထက်ပိုင် ကုတင်ဘေးဝင်ထိုင်ကာ လက်ကောက်ဝတ်မှာ သွေးစမ်းပြီး ဒစ်ဂျစ်တယ်သာမိုမီတာဖြင့် အဖျားတိုင်းကာ ထက်ပိုင် မျက်လုံး၊ ပါးစပ်များကို စမ်းသပ်အပြီးမှာတော့ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်ကို မင်းသူသတိထားမိသည်။
"အစားမရှိလို့ အားနည်းတာ ကိုမင်းသူ.. အဖျားကြီးနေတာလည်းပါတယ်.. စိုးရိမ်စရာမရှိဘူး"
မင်းသူကိုယ်တိုင် အခုမှ အသက်ရဲရဲရှူရဲသည်။ ဆက်ပိုင်ယူလာသော ဆေးသေတ္တာထဲမှ တစ်ခါသုံးဆေးထိုးအပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက်စားပွဲပေါ်မှ စာရွက်ဖြူတစ်ရွက်နှင့် ဘောပင်ကို လှမ်းယူကာ ဆေးအမည်တစ်ချို့ကို ခပ်သွက်သွက်ရေးခြစ်လိုက်သည်။
"ကိုမင်းသူ ကျွန်တော့်ကို ရေနဲ့အ၀တ်တစ်ခု ယူပေးပါလား.."
"ဟေ.. အေး အေး.."
မင်းသူ နောက်အလှည့် အခန်းအတွင်းလှမ်းဝင်လာသော ရန်နိုင့်ကို တွေ့လိုက်ရသည်။
"ရန်နိုင်... ငါဆေးသွင်းပေးရလိမ့်မယ်.. ဒီဆေးတွေတစ်ချက်လောက် ၀ယ်ခဲ့ပေး...."
ရန်နိုင် ခေါင်းညိတ်အဖြေပေးကာ ဆက်ပိုင်ကမ်းပေးလာသော ဆေးစာရွက်ကိုလှမ်းယူလိုက်သည်။ မင်းသူ ရေဇလုံနှင့် အခန်းထဲကို ပြန်ရောက်ချိန်တွင် ဆက်ပိုင် ဆေးထိုးပေးပြီးနေပြီဖြစ်သည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...