Part 5 (Unicode)

68K 5.2K 493
                                    

ဒီနေ့နေမပူပါ။ ဂွမ်းစိုင်များကို အစုပ်လိုက်ဖြန့်ကြဲထားသည့်အလား ကောင်းကင်တစ်ခုလုံး မိုးတိမ်များဖြင့်မွမွကြဲနေသည်။ ခက်သည်က နေမသာသည့်တိုင် နေ့လယ်ခင်းနေကျချိန်အထိ ပူစပ်စပ်ကြီးဖြစ်နေခြင်းဖြစ်သည်။ လုံးဝမတိုက်ခတ်ဘဲ ငြိမ်သက်နေသော လေကလည်း ပူလောင်အိုက်စပ်မှုကို ထပ်ဆင့်အားပေးကူညီနေသည်ပဲဖြစ်သည်။

ရန်နိုင်ဒီနေ့တစ်နေ့လုံး တစ်နေကုန်အခန်းပိတ်နေခဲ့သည်။ ရန်နိုင်နှင့် မင်းသူသည် တစ်နှစ်သာခြားသော ညီအစ်ကိုနှစ်ယောက်ဖြစ်သော်လည်း အအေးနှင့်အပူလို ဆန့်ကျင်ဘက်ဖြစ်သည်။ မင်းသူကအော်ကြီးဟစ်ကျယ်စတတ်၊ နောက်တတ်သလို အရာရာကို ပေါ့ပျက်ပျက်သဘောထားကာ ရယ်မောလိုက်သည်သာဖြစ်သည်။ ရန်နိုင်ကတော့ စကားကို မလိုလျှင်မပြော။

ဒီနေ့မနက်ကတော့ ရန်နိုင်၏စကားများသည် ဖေဖေ့ကိုဒေါသပိုဖြစ်ရုံကလွဲ၍ ဘာမျှမထူးခြားခဲ့။ တကယ်ဆို ရန်နိုင့်အနေနှင့် ဒီလောက်ဖေဖေ့ကိုပြန်ပြောမိဖို့မစဉ်းစားမိပါ။ သူ့အကြောင်း အမှန်အတိုင်းသာ သိသွားလျှင် ဖေဖေသာမက မည်သူမဆို လက်ခံရခက်ကာ ဒေါသအမျက်ထွက်မိကြမည်ဆိုတာကို အရင်ကတည်းက ထည့်တွက်စဉ်းစားထားမိပြီးဖြစ်သည်။
ခက်သည်က ဖေဖေသည် ရန်နိုင့်ကိုမဲခြင်းထက် ဆက်ပိုင်ကို ထိခိုက်အောင် ပြောလာခြင်းကြောင့်ဖြစ်သည်။ သူ့ကို ဘယ်လောက်ဆူဆူရိုက်ရိုက် ရန်နိုင်ခံနိုင်ရည်ရှိပါသည်။ "ဒီအပင်ကဒီအသီးမျိုးပဲသီးမှာပေါ့။ မင်းတို့နှစ်ယောက်ပေါင်းကတည်းက ဒီကောင်မင်းကို မဟုတ်မဟက် လမ်းရောက်အောင် ဆွဲဆောင်လိမ့်မယ်ဆိုတာ ငါသိတယ်။" ဆိုသည့် ဖေဖေ့စကားနောက်မှာတော့ ရန်နိုင်ခေါင်းငုံ့မခံတော့ပါ။

တကယ်ဆို ဆက်ပိုင်သည် ဖြူစင်လွန်းလှသည်။ ဆက်ပိုင်ကို ရန်နိုင်တန်ဖိုးထားခင်တွယ်မိခြင်းသည် ဆက်ပိုင်၏ ဖြူစင်သောစိတ်ထားနှင့် ရိုးသားသော နှလုံးသားကြောင့်ဖြစ်သည်။ ဒါ့ကြောင့်လည်း ဖေဖေ့စကားအဆုံးမှာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိသော ဒေါသများဖြင့် သူ့တစ်ကိုယ်လုံး တောက်လောင်ကာ ဘယ်ကရောက်လာမှန်းမသိသော သတ္တိများဖြင့်ပြည့်နှက်နေပြီး သူတစ်ခွန်းမကျန်ပြန်ပြောမိသည်။ ဒီတော့လည်း လက်ပါလာသည်အထိ ဖေဖေစိတ်ဆိုးဒေါသဖြစ်ခဲ့သည်။ မေမေကတော့ မျက်ရည်ဖြိုင်ဖြိုင်ကျကာ ငိုနေသည်။ သူ သေလျှင်တောင် ဒီလောက်ငိုပါ့မလားဟု စိတ်နာနာနှင့်တွေးမိသည်အထိ။

စည်းWhere stories live. Discover now