Part 22 (Unicode)

51.6K 4.1K 130
                                    


အနီရောင် ပန်ဒါဖီးယက်ကားငယ်ကို တိုက်အိမ်ငယ်ရှေ့ အရိပ်ကောင်းသော သစ်ပင်ကြီးတစ်ပင်အောက်မှာ ထက်ပိုင် စက်သတ်ရပ်တန့်လိုက်သည်။ ယခင်မြေနီလမ်းသည် အခုတော့ကတ္တရာလမ်းဖြစ်နေပြီဖြစ်သည်။ ကားသော့ကိုဆွဲထုတ်ကာ ပူပြင်းသောနေရောင်ရှိရာ ကားအောက်ဆင်းလာခဲ့သည်။ တစ်ဖက်ခြမ်းမှ ရွှေစင်ထိုင်နေရာသို့ လျှောက်သွားပြီး ကားတံခါးကို လှမ်းဖွင့်ပေးလိုက်သည်။ ဒူးအောက်ဂျင်းစကတ်တိုနှင့် ကိုယ်လုံးပေါ်တီရှပ်အဖြူရောင်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသော ရွှေစင်မှာ အရင်သူမှတ်မိနေသော ဆယ်တန်းကျောင်းသူတစ်ယောက်လိုပင်။

"ကို.. မုန့်တွေကားနောက်ခန်းမှာ ယူဖို့ မေ့မနေနဲ့ဦးနော်။"

ထက်ပိုင် ခေါင်းညိတ်ပြလိုက်သည်။ ဦးထွန်းဟန်အတွက် သူတို့မုန့်မျိုးစုံဝယ်လာခဲ့ကြသည်။ ဒီနေ့တနင်္ဂနွေအားရက်မို့ နေ့လယ်စာအတူစားဖို့ လာခဲ့ကြခြင်းဖြစ်သည်။ မေ့ထားချင်သည့် အတိတ်ဟောင်းတစ်ခုကြောင့် ဖခင်ရှိရာအိမ်သို့ ထက်ပိုင် သိပ်မရောက်ဖြစ်။

ဒီနေ့တော့ ဦးထွန်းဟန်မွေးနေ့မို့ မရောက် ရောက်အောင် လာခဲ့ခြင်းဖြစ်သည်။ စားချင်စရာ ငါးဟင်းနံ့ကို အိမ်ထဲမဝင်ခင်ကတည်းက ရလိုက်သည်။ ဖခင်ဖြစ်သူက သူ့အကြိုက်ကို မမေ့သေးသည်ကို ထက်ပိုင် တွေးမိရင်း ကြည်နူးခြင်းနှင့်အတူ နောင်တလည်း ရမိသည်။ တစ်မြို့ထဲအတူနေပေမယ့် သူ ဖခင်ကို တစ်ယောက်တည်း ပစ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

"သားကြီးတို့ ရောက်ပြီလား။ လာ.. ထိုင်။"

ဦးထွန်းဟန် မီးဖိုခန်းမှ ထွက်လာပြီး သူတို့နှစ်ယောက်ကို ဧည့်ခန်းမှာထိုင်ခိုင်းသည်။ ဘာတစ်ခုမှ မပြောင်းလဲသေးသည့် အိမ်အပြင်အဆင်များက သူ့ကို အလွမ်းပိုစေသည်။ ရွှေစင် ဦးထွန်းဟန်ကို နှုတ်ဆက်စကားပြောပြီး မီးဖိုချောင်တွင်ကူညီရန် ဦးထွန်းဟန်နှင့်အတူ ထမင်းစားခန်းထဲလှမ်းဝင်သွားသည်။ ထက်ပိုင်တစ်ယောက်သာ ကိုယ့်အဖေအိမ်မှာ ဧည့်သည်တစ်ယောက်လို ခံစားမိပြီး ဘာလုပ်ရမည်မသိဘဲ ဧည့်ခန်းဆက်တီပေါ်မှာ ငြိမ်သက်စွာထိုင်နေမိသည်။ မီးဖိုချောင်မှ ရွှေစင်နှင့်ဦးထွန်းဟန်တို့၏ စကားသံ၊ ရယ်သံများကို ကြားနေရသည်။

စည်းWhere stories live. Discover now