Part 2 (Unicode)

79.3K 5.6K 305
                                    

မနက်ခင်း အလင်းရောင်တန်းများက ပြတင်းပေါက်မှန်များမှတစ်ဆင့် တိုးဝင်လာနေသည်။ ကျိန်းစပ်နေသော မျက်လုံးကိုကြိုးစားဖွင့်ကာ စားပွဲပေါ်မှ နာရီကို ထက်ပိုင် လှမ်းကြည့်လိုက်သည်။ ရှစ်နာရီထိုးတော့မည်။ ဒီနေ့မနက် မေမေ သူ့ကို လာမနှိုးခဲ့။ ဘာလို့မေမေ သူ့ကို လာမနှိုးတာလဲဟု စဉ်းစားမိသည့်ခဏ ညက ဖေဖေနှင့်မေမေတို့ရန်ပွဲကို ပြန်လည်အမှတ်ရလိုက်သည်။ ပြီးတော့ ဆက်ပိုင်ဆိုသည့်ကောင်လေး။

ကုတင်ပေါ်မှ ဝုန်းခနဲထထိုင်လိုက်သည်။ တံခါးဝကြမ်းပြင်ပေါ်တွင် လက်မောင်းခုကာ အိပ်ပျော်နေသော ဆက်ပိုင်ကိုတွေ့လိုက်ရသည့်ခဏ ဒေါသများ ထောင်းခနဲထွက်လာသည်။ ဒီကောင်လေး အခုအချိန်အထိ သူတို့အိမ်မှာရှိတုန်းဖြစ်သည်။

"ဟေ့ကောင် ထစမ်း။"

အိပ်ပျော်နေသော ဆက်ပိုင်ကို သူ ခြေထောက်နှင့်ကန်ပစ်လိုက်သည်။ ဆက်ပိုင် မျက်လုံးများကို နာနာပွတ်ကာ အလန့်တကြား ထထိုင်သည်။ ပလတ်စတစ်အဝတ်ထုပ်မှ အကျီင်္တစ်ချို့မှာ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။

"ကျွန်တော် ဘယ်ရောက်နေတာလဲ။"

မျက်လုံးဝိုင်းများနှင့် သူ့ကိုမော့ကြည့်ကာ ဆက်ပိုင် မေးလာသည်ဖြစ်၍ ပို၍ဒေါသထွက်သွားမိသည်။

"ဘယ်ရောက်ရမှာလဲကွ။ ငါ့အိမ်ရောက်နေတာ။ မင်း ဘာလို့ထွက်မသွားသေးတာလဲ။"

"ကျွန်တော် သွားစရာနေရာမရှိဘူး ကိုထက်။"

"မင်း ငါ့နာမည်မခေါ်နဲ့ မိစ္ဆာကောင်လေး။ မင်းနာမယ်။"

မြောက်တက်လာသော လက်သီးကိုကြည့်ကာ ဆက်ပိုင်ခေါင်းကြုံ့သွားသည်။

"ကျွန်တော့်အရင်နေတဲ့အိမ်ကို အိမ်ရှင်အဒေါ်ကြီးသော့ခတ်သွားပြီ။"

"ငါဂရုမစိုက်ဘူး။ မင်းဘာသာမင်း သွားချင်တဲ့နေရာသွား။ ဒီအိမ်ကထွက်သွားရင်တော်ပြီ။ မင်းကြောင့် ငါ့အဖေနဲ့အမေရန်ဖြစ်ရတာ။"

ပြောလည်းပြော၊ အခုအချိန်ထိ တံခါးရှေ့မှာ ရှိနေသေးသည့် ဆက်ပိုင်ကို ခပ်ဆတ်ဆတ်တွန်းပစ်ကာ သူ အခန်းထဲမှ ထွက်လာခဲ့သည်။ တစ်အိမ်လုံးတိတ်ဆိတ်ကာ ဘယ်သူမှမရှိသလို။ မနက်တိုင်းမေမေက ရေဒီယိုဖွင့်ကာ သီချင်းတညည်းညည်းဖြင့် ကျောင်းသွားမီအောင် ပြင်ဆင်ပေးလေ့ရှိသည်။ ဒီနေ့တွင်တော့ သီချင်းသံရော၊ စကားသံရော ဘာသံဆိုဘာသံမှမကြားရ။
ဖေဖေနှင့်မေမေ ပြန်တည့်သွားပါစေဟု စိတ်ထဲမှကြိတ်ပြီး ဆုတောင်းမိသည်။ ဆက်ပိုင်ကို သူနာနာရိုက်ခဲ့ကြောင်း မေမေ့ကိုပြောလျှင် မေမေနည်းနည်းတော့ ဝမ်းသာလိမ့်မည်ထင်သည်။ အိပ်ခန်းအပြင် စာအုပ်စင်များကိုကျော်ကာ ဧည့်ခန်းအတွင်း လှမ်းကြည့်လိုက်သော်လည်း မေမေရှိမနေ။ အဖြူရောင် လိုက်ကာသည်သာ ဟိုလွင့်သည်လွင့်နှင့် လှုပ်ရှားနေသည်။ ဧည့်ခန်းစားပွဲပေါ်မှ နှင်းဆီတစ်ပွင့်မှာလည်း နွမ်းနေသည်။ မေမေ ပန်းအိုးလဲမထား။ ထက်ပိုင်စိတ်တွေပိုမိုလေးလံကာ ထမင်းစားခန်းရှိရာသို့ လျှောက်လာခဲ့သည်။ မီးဖိုခန်းရှိ ထမင်းစားပွဲတွင် သူရှိရာကိုကျောပေးကာ တစ်ယောက်တည်း ငြိမ်သက်စွာထိုင်နေသည့် ဖေဖေ့ကိုတွေ့လိုက်ရသည်။

စည်းWhere stories live. Discover now