ဆက်ပိုင်အခန်းသို့ ခေါက်ဆွဲကြော်ဗူးများဖြင့် ပြန်ရောက်လာချိန်တွင် ထက်ပိုင်ရင်ခွင်ထဲ ကျောမှီထိုင်နေသော ရွှေစင့်ကိုတွေ့လိုက်ရသည်။ ရွှေစင့်နောက်ကျောကို ထက်ပိုင်နောက်မှ သိုင်းဖက်ထားသည်။ ရန်နိုင်၊ မင်းသူနှင့် မာလာတို့ မရှိကြ။ ဆက်ပိုင် ခေါက်ဆွဲကြော်ဗူးကို စားပွဲပေါ်လှမ်းချပေးလိုက်သည်။
"တစ်ခါတည်းဖွင့်လေကွာ.."
ထက်ပိုင်ထိုင်နေရာမှပင် ပြောလာသည်။ ခါတိုင်း ထက်ပိုင်ခိုင်းသမျှ လုပ်ပေးနေကြဖြစ်သော်လည်း ဒီနေ့စိတ်ထဲမှာ ဆက်ပိုင် ခံရခက်နေသည်။ ခေါက်ဆွဲကြော်နှစ်ဗူးကို စားပွဲပေါ်ဖွင့်ကာ အသင့်ပြင်ပေးလိုက်သည်။
"ရန်နိုင် ဘယ်သွားလဲ ကိုထက်.."
"လမ်းသွားလျှောက်မယ်ပြောတာပဲ.. လာ.. ရွှေစင်.."
ရွှေစင့်လက်ကို ထက်ပိုင်ဆွဲထူလိုက်သည်။
"ကျွန်တော် ရန်နိုင်တို့ကို သွားရှာလိုက်ဦးမယ်..."
အခန်းအပြင်ရောက်သည်နှင့် အေးစိမ့်သော ပင်လယ်လေကို ခံစားလိုက်ရသည်။ နာကျင်ခံရခက်သော နှလုံးသားက တစ်စစ်စစ်နာကျင်နေသည်။ ဆက်ပိုင် အခုအချိန်အထိ ထိုနှလုံးသားဆိုသည့်အရာတစ်ခုကို ကောင်းမွန်စွာ အမိန့်ပေးထိန်းချုပ်နိုင်ခဲ့ပါသည်။ ဒီနေ့တော့ သူ့ရဲ့ခံနိုင်ရည်စွမ်းအားတွေ ပျောက်ဆုံးကာ ထိန်းချုပ်နိုင်စွမ်းတွေ ကုန်ခမ်းနေပြီထင်သည်။
အခုနလေးတွင်မှ ရန်နိုင်မေးလာခဲ့သော မေးခွန်းတစ်ခုက သူ့ခေါင်းထဲသို့ ပူလောင်စွာ တိုးဝင်လာသည်။
ထက်ပိုင်ကို သူ တွယ်တာသည်မှာ ညီတစ်ယောက်လိုရော ဟုတ်ရဲ့လားတဲ့..
ဟင့်အင်း..
သူ ထက်ပိုင်ကို အစ်ကိုရင်းတစ်ယောက်လို ဘယ်တုန်းကမှ သဘောထား၍မရခဲ့ပါ။
ဒါပေမယ့်...
ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာ..
ဘယ်တော့မှ ဖွင့်မပြောနိုင်သည့် အခြေအနေ..
ရှေ့ဆက်ပြီး တွေးမိဖို့ကိုတောင် ခွင့်မပြုနိုင်သည့် အချစ်တစ်ခုက ဘာလို့များရူးမိုက်စွာ သူ့ နှလုံးသားထဲမှာ ပုန်းအောင်းနေရတာလဲဆိုတာ နားမလည်နိုင်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...