မနက်ခင်း အလင်းရောင်တန်းများက ပြတင်းပေါက်မှန်များမှတစ်ဆင့် တိုးဝင်လာနေသည်။ ထက်ပိုင် ကျိန်းစပ်နေသော မျက်လုံးကိုကြိုးစားဖွင့်ကာ စားပွဲပေါ်မှ နာရီကို လှမ်းကြည့်လိုက်သည်။ ရှစ်နာရီထိုးတော့မည်ဖြစ်သည်။ ဒီနေ့မနက် မေမေ သူ့ကို လာမနှိုးသည်ကို သတိထားမိသွားသည်။
ညက ဖေဖေနှင့်မေမေတို့ရန်ပွဲ။
ပြီးတော့ ဆက်ပိုင်ဆိုသည့်ကောင်လေး။
ထက်ပိုင် ကုတင်ပေါ်မှ ၀ုန်းခနဲထထိုင်လိုက်သည်။
တံခါးဝကြမ်းပြင်ပေါ်တွင် လက်မောင်းခုကာ အိပ်ပျော်နေသော ဆက်ပိုင်ကိုတွေ့လိုက်ရသည့်ခဏ ဒေါသများထွက်လာသည်။ ဒီကောင်လေး အခုအချိန်အထိ သူတို့အိမ်မှာရှိတုန်းဖြစ်သည်။
"ဟေ့ကောင် ထစမ်း .."
ထက်ပိုင် လေသံမာနှင့်ပြောပြီး အိပ်ပျော်နေသော ဆက်ပိုင်ကို ခြေထောက်နှင့်ကန်ပစ်လိုက်သည်။ ဆက်ပိုင် မျက်လုံးများကို နာနာပွတ်ကာ ထထိုင်လာသည်။ ပလတ်စတစ်အ၀တ်ထုပ်မှ အကျီင်္တစ်ချို့မှာ ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။
"ကျွန်တော် ဘယ်ရောက်နေတာလဲ..."
ဆက်ပိုင် မျက်လုံးဝိုင်းများနှင့် သူ့ကိုမော့ကြည့်ကာ မေးလာသည်။ ထက်ပိုင်ပို၍ဒေါသထွက်သွားမိသည်။
"ဘယ်ရောက်ရမှာလဲကွ.. ငါ့အိမ်ရောက်နေတာ.. ဘာလို့ထွက်မသွားသေးတာလဲ..."
"ကျွန်တော် သွားစရာနေရာမရှိဘူး ကိုထက်.."
"မင်း ငါ့နာမည်မခေါ်နဲ့ မိစ္ဆာကောင်လေး.. မင်းနာမယ်.."
မြောက်တက်လာသော လက်သီးကိုကြည့်ကာ ဆက်ပိုင်ခေါင်းကြုံ့သွားသည်။
"ကျွန်တော့်အရင်နေတဲ့အိမ်ကို အိမ်ရှင်အဒေါ်ကြီးသော့ခတ်သွားပြီ.."
"မင်းဘာသာမင်း သွားချင်တဲ့နေရာသွား.. ငါဂရုမစိုက်ဘူး.. ဒီအိမ်ကထွက်သွားရင်တော်ပြီ..မင်းကြောင့် ငါ့အဖေနဲ့အမေရန်ဖြစ်ရတာ..... ခွေးကောင်လေး.."
ထက်ပိုင်ပြောလည်းပြော၊ အခုအချိန်ထိ တံခါးရှေ့မှာ ရှိနေသေးသည့် ဆက်ပိုင်ကို ခပ်ဆတ်ဆတ်တွန်းပစ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...