Part 9 (Unicode)

52K 4.8K 213
                                    

ဘက်စ်ကားပေါ်မှဆင်းကာ ကတ္တရာလမ်းမကြီး ဘေးပလက်ဖောင်းအတိုင်း ဆက်ပိုင် လျှောက်လာခဲ့သည်။ ပလက်ဖောင်းအစွန် ကားမရပ်ရန် လမ်းညွှန်ဆေးသုတ်ထားသည့်အဖြူနှင့် အနီအမှတ်အသားများသည် ဆေးရောင်ပြယ်နေပြီဖြစ်သည်။ ပလက်ဖောင်းပေါ်မှ မနက်ခင်းကျောင်းသွားနေသော ကျောင်းဝတ်စုံ အဖြူအစိမ်းနှင့်ကျောင်းသားကျောင်းသူတစ်ချို့ကို မြင်မိသည့်ခဏ ငယ်စဉ်ကျောင်းသားဘဝကို လွမ်းမိသည်။

လမ်းမကြီးမှတစ်ဆင့် လမ်းသွယ်တစ်ခုထဲချိုးဝင်ကာ မြေနီလမ်းအတိုင်းဆက်လျှောက်လာခဲ့သည်။ မိုးတွင်းက ထင်ကျန်ခဲ့သော ချိုင့်ခွက်များကြောင့် လမ်းလေးမှာမညီညာ မဖြောင့်ဖြူးနိုင်ဘဲ နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ ဆေးရောင်လွင့်နေပြီဖြစ်သော သူတို့ တစ်ထပ်တိုက်လေးမှာ မနက်ခင်းနေခြည်အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။
အိမ်ရှေ့တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ အမည်းရောင် လက်ကိုင်အိတ်ကို အိမ်ရှေ့ဆက်တီ ထိုင်ခုံမှာ အသံမမြည်အောင် သတိထားတင်လိုက်သည်။

"သားငယ်.."

"ဖေဖေ.."

အိပ်ခန်းထဲမှ လှမ်းထွက်လာသော ဦးထွန်းဟန်ကိုတွေ့လိုက်ရသည်။ ဆံပင်တွေပင် ဖြူချင်ချင်ဖြစ်နေသော်လည်း ဦးထွန်းဟန်သည် ငယ်စဉ်ကလိုကြည့်ကောင်းတုန်းပင်ဖြစ်သည်။ မျက်နှာမှအရေးအကြောင်းများက ရင့်ကျက်စေသည်က လွဲ၍ ဦးထွန်းဟန်ကို အရုပ်မဆိုးစေပါ။ မီးခိုးရောင် အနွေးထည် ဆွယ်တာလက်ရှည်နှင့် အကွက်အသေးစိတ်များပါသော ပုဆိုးနက်ပြာရောင်ကို ဝတ်ထားသည်။

"လမ်းလျှောက်ထွက်မလို့လား ဖေဖေ။"

"ဟုတ်တယ်သား။ ဆေးရုံမှာ ဘယ်လိုလဲ။"

"ညကလူနာတော်တော်များတယ် ဖေဖေ။ မနက်ပိုင်းကျတော့ သိပ်အရေးကြီးတဲ့ကေ့စ်တွေမရှိတော့လို့ စောစောပြန်လာလို့ရတယ်။"

"အေး အေး.. သားနားလိုက်ဦး။"

"ဟုတ်ကဲ့။"

ဦးထွန်းဟန် အိမ်အပြင်ကို လှမ်းထွက်သွားသည်။ ဦးထွန်းဟန်သည် အရွယ်ကောင်းတုန်းပင်ဖြစ်သော်လည်း တစ်သက်တာ တစ်ယောက်တည်းနေသွားမည့်ဟန်တူသည်။ ထက်ပိုင်မိခင်ပင် နောက်အိမ်ထောင်ပြုသွားခဲ့တာ ကြာခဲ့ပြီ။ ဦးထွန်းဟန်လို ပညာတတ်၊ ကျန်းမာရေးလိုက်စား၍ ကြံ့ခိုင်သော ယောက်ျားတစ်ယောက်အတွက် မိန်းမ မရှားပါ။ ဒါပေမယ့် သူ ကတော့ အလုပ်၊အိမ်နှင့် ရပ်ရေးရွာရေးကိစ္စများမှလွဲကာ ဘာမှစိတ်မဝင်စား။ ရပ်ကွက်ထဲမှာတော့ ဦးထွန်းဟန်ထက် အသက်ကြီးသူများကပင် ဆရာခေါ်ကာ တလေးတစားနေရာပေးကြသည်။

စည်းWhere stories live. Discover now