"သူငယ်ချင်း.. မင်း အဆင်ပြေရဲ့လား..."
ရန်နိုင် ၀ရန်တာလက်တန်းကို နောက်ပြန်မှီရပ်ရင်း လှမ်းမေးလာသည်။ ဆက်ပိုင် ခေါင်းခါပြမိသည်။ ဒီဧည့်ခံပွဲကို ရှေ့ဆက်ရင်ဆိုင်ရန် သူ့မှာ ခံနိုင်ရည်မရှိတော့။
"မင်း ပြန်ချင်ရင် ငါပြန်လိုက်ပို့ပေးမယ်လေ..."
"အင်း.. ငါ ဖေဖေ့ကိုနှုတ်ဆက်ရဦးမယ်.."
ရန်နိုင်ခေါင်းညိတ်အဖြေပေးလာသည်။ ဧည့်ခန်းမမှ ရယ်သံများနှင့် စကားပြောသံများ သူတို့ရှိနေရာ ၀ရန်တာအထိ လျှံထွက်လာကြသည်။ ဆက်ပိုင် ၀ရန်တာလက်တန်းကို တင်းတင်းဖိမိသည်။ သူ ပြန်မှဖြစ်မည်။ ဘယ်လောက်ပင် ဟန်ဆောင်ကောင်းပါစေ၊ ထိန်းချုပ်နိုင်ပါစေ။ သူသည်လည်း နှလုံးသားနှင့်လူသားတစ်ယောက်ဖြစ်သည်။
"သွားရအောင် ရန်နိုင်... နောင်ရော မင်းခေါ်လိုက်ဦးမလား.."
"ရတယ်.. မင်းသူနဲ့ပြန်လိုက်မယ်.."
မင်္ဂလာဧည့်ခန်းမထဲသို့ နောက်တစ်ကြိမ် သူတို့နှစ်ယောက် ပြန်လည်ဝင်ရောက်လာခဲ့သည်။ သဘာဝအလင်းရောင်မှ မီးဆိုင်းအလင်းရောင်များသို့ ရုတ်တရက်ပြောင်းသွားသည်မို့ မျက်စိများကျိန်းစက်သွားသည်။ စားသောက်ဝိုင်းတစ်ခုပြီးတစ်ခုမှ ဧည့်ပရိသတ်များကို လိုက်လံနှုတ်ဆက်နေသည့် ထက်ပိုင်နှင့်ရွှေစင့်ကိုတွေ့လိုက်ရသည်။ ပြုံးနေသော ရွှေစင်မှာ ထက်ပိုင်လက်မောင်းကို တင်းတင်းချိတ်ထားသည်။ ထက်ပိုင်က အပြုံးအရယ်များနှင့် သူငယ်ချင်းစားသောက်ဝိုင်းတစ်ခုမှာ စကားပြောနေသည်။
"သွားရအောင် ရန်နိုင်.."
ဆက်ပိုင်ချာခနဲလှည့်ကာ မြင်ကွင်းကိုမျက်စိထဲမှ ပျောက်အောင်ကြိုးစားမိသည်။
"မင်းအဖေကိုနှုတ်ဆက်မယ်ဆို..."
"နောက်မှပဲဖုန်းဆက်တော့မယ်.."
ဆို့တက်လာသော ရင်ထဲမှ မမြင်ရသည့်အစိုင်အခဲတစ်ခုကို ဆက်ပိုင် ရင်ထဲသို့ပြန်လည်မြိုချမိသည်။ မင်္ဂလာဧည့်ခန်းအပြင်ရောက်မှ သူ အသက်ရဲရဲရှူရဲတော့သည်။ ရယ်သံ၊ စကားသံများက ဧည့်ခန်းမတံခါးကို နောက်ပြန်ပိတ်လိုက်သည်နှင့် တိုးတိတ်သွားသည်။ ဆက်ပိုင် ဓါတ်လှေကားရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လှမ်းသွားသည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...