လေးကန်သောခြေအစုံနဲ့ philip အိမ်ကိုပြန်လာခဲ့သည် သူပြန်လာတော့ ဖေဖေရော မမပါ ဧည့်ခန်းထဲမှာ စာရင်းထိုင်စစ်နေကြသည် သူလေးတွဲ့စွာနဲ့ သက်ပြင်းချရင်း အိမ်ပေါ်ဆက်တက်လာပြီး ခုတင်ပေါ် ပစ်လှဲချလိုက်သည်
"မမ ဝင်လာမယ်နော်"
သန္တာမျိုးသန့် စေ့ထားသော တံခါးကို အသာတွန်းဖွင့်ရင်း ဝင်ခဲ့သည်
"ညီမလေး မန္တလေးမှာ အဆင်မပြေဘူးလား"
ခုတင်ဘေး စာကြည့်စားပွဲက ထိုင်ခုံမှာ ထိုင်ရင်း မေးလိုက်သည်
"ပြေပါတယ် မမ ဘာဖြစ်လို့လဲ"
Philip လှဲအိပ်နေရာမှ ထ ထိုင်လိုက်သည်
"ညနေက ဖေဖေနဲ့ စကားပြောတာ ကန့်လန့်တိုက်ပြောနေသလိုဘဲ သည်းခံပါ philip ရယ် အိမ်ပြနလာတုန်းလေး အဆင်ပြေအောင် နေပါ မမတို့မှာ ပြေးကြည့်မှ ဒီမိသားစုလေး သုံးယောက်ဘဲရှိတာကို"
"အင်းပါ ကျွန်တော် လွန်သွားတာ သိပါတယ် မမရယ် ဒီတခါ အိမ်ပြန်လာတာ သူငယ်ချင်းတွေနဲ့လည်း သိပ်အဆင်မပြေတော့ စိတ်အချဉ်ပေါက်နေလို့ပါ မနက်ကျရင် ဖေဖေ့ကို သေချာတောင်းပန်လိုက်ပါ့မယ်"
"ကြည့်ဦး မန္တလေး သွားနေမှ အသားတွေတောင် ဖြူလာသလိုဘဲ လောပန်ရုပ်တောင် ပေါက်လာသလိုဘဲ"
မမ စကားကြောင့် philip ရယ်လိုက်သည်
"မမပြောမှဘဲ ကျွန်တော်က အခုမှ စလုံးရေစ ရှိသေးတာ ဘယ့်နှယ့် လောပန် ဖြစ်ရမှာလဲ"
"အေးပါ အဆင်မပြေရင် မပျော်ရင် အချိန်မရွေး ပြန်ခဲ့"
"ဟုတ်ကဲ့မမ စိတ်ချပါ အခုတော့ အဆင်လည်းပြေတယ် ပျော်လည်း ပျော်နေပါတယ်"
"ဒီမှာ ကြာကြာနေဦးမှာမလား"
"မနေတော့ဘူး မမ ဟိုမှာလည်း အလုပ်တွေနဲ့ မနက်ဖြန်ညနေ ပြန်တော့မယ်"
"ဟာ မြန်လိုက်တာ"
"ဟုတ်တယ် နောက်မှ အေးဆေးပြန်လာတော့မယ် "
ညိုးငယ်သွားသော မမရဲ့မျက်နှာကို ကြည့်ရင်း philip စိတ်မကောင်းစွာ ပြောလိုက်သည် ဘာဘဲဖြစ်ဖြစ် သူကြိုးစားရမည်မဟုတ်လား အရင်းအနှီးကြီးစွာ ပေးဆပ်ထားရသော ဆု နဲ့ ပက်သက်မှုကို ဒီ့ထက်ခိုင်မာအောင် ကြိုးစားရမည်
"Taxi ရောက်ပြီ john"
ကိုကိုလေး အော်သံကြောင့် john စာကြည့်စားပွဲမှာ ထိုင်နေရာမှ ထ လိုက်ပြီး သူ့အခန်းလေးကို ကြည့်လိုက်သည် နောက် ဘယ်နနှစ်ကြာမှ ဒီအခန်းဆီ ပြန်လာနိုင်မှာပါလိမ့် ပြန်လာတဲ့အချိန်ကျရင်တော့ အရာအားလုံး အဆင်ပြေပြေနဲ့ ရှေ့ပြန်ဆက်နိုင်မှာပါ
John အထုပ်အပိုးတွေကို ဆွဲရင်း အိမ်အောက်ထပ် ဆင်းလာခဲ့သည်
ဖေဖေနဲ့မေမေရယ် ကိုကိုလေးကို john ထိုင်ကန်တော့လိုက်သည်
ဆုတွေ တသီတတန်းကြီးကို ပြည့်ပါစေလို့ ဆုတေညင်းရင်း john မတ်တပ်ရပ်လိုက်သည်
"ကိုကိုလေး ဒီစာအုပ်လေးကို မွှေး ကို ပေးပေးပါ"
"ဖေဖေနဲ့ မေမေ ကျွန်တော်သွားပြီ"
"အေး john တရက် နှစ်ရက်နေရင် ဖေဖေတို့ မန္တလေးလာမှာ အဲ့ဒီအချိန်မှ ပြန်တွေ့တာပေါ့"
ဖေဖေ့ကို ခေါင်းညိတ်ပြရင်း john taxiပေါ်တက်ခဲ့သည် မေမြို့ကို အကြာကြီး ပြန်မလာနိုင်တော့ဘူးဘဲ
"ဖေဖေ မနေ့က ကျွန်တော် ပြန်ပြောမိတာ စိတ်မကောင်းပါဘူး"
မနက်စာစားရင်းက philip ဖေဖေ့အား တောင်းပန်လိုက်သည် ခေါင်းညိတ်ပြသော ဖေဖေ့မျက်နှာမှာ သိပ်ကြည်ကြည်လင်လင် မရှိပါ
"ဖေဖေ ညက အိပ်မပျော်ဘူးလား မျက်တွင်းကျနေသလိုဘဲ"
"အိပ်ပျော်ပါတယ် စာရင်းတွေလုပ်နေတော့ အိပ်ရာဝင်တာနောက်ကျသွားလို့ပါ"
"အလုပ်တွေချည်း ဖိလုပ်မနေပါနဲ့ဦး ဖေဖေရယ် သားအဖလေးသုံးယောက်ရှိတဲ့ဟာကို ခုက မမရော ကျွန်တော်ရော အလုပ်လုပ်နေတဲ့ဟာ ဖေဖေက နားနားနေနေ နေပါ"
Philip စကားကြောင့် ဦးမျိုးသန့်မျက်နှာ ပြုံးယောင်သန်းသွားသည် သားသမီး လိမ္မာလျှင် မိဘစိတ်ချမ်းသာရသည် မဟုတ်ပါလား
"အေးပါ ဒီမှာစိတ်ချပါ မန္တလေးမှာ နေရတာ အစစအရာရာ ဂရုစိုက်ဦး"
"ဟုတ်ကဲ့ဖေဖေ ညနေပြန်တော့မယ် အလုပ်တွေရှိသေးလို့ နောက်တခါ အားမှဘဲ အေးဆေးပြန်လာတော့မယ်"
Philip မနက်စာကို လက်စသတ်ရင်း ဖေဖေ့ကို နှုတ်ဆက်စကားပြောလိုက်သည် ဆု အလုပ်မသွားခင် သွားခေါ်ပြီး တွေ့ချင်သေးသောကြောင့် သူ့မှာ မနက်စာပင်ကောင်းကောင်း မစားနိုင်တော့ပါ
"ဖေဖေ ကျွန်တော် ဆုအိမ့်တို့အိမ်ဘက်သွားဦးမယ်"
Philip အော်ရင်း ဆိုင်ကယ်ကို အိမ်ထဲမှ တွန်းထုတ်လာခဲ့သည်
"တီ တီ"
ဆုအိမ့်တို့ အိမ်ရှေ့တည့်တည့်ရောက်တော့ philip ဆိုင်ကယ်ဟွန်းနှစ်ချက်တီးလိုက်သည်
"လာပြီ ခဏလေး "
ခဏလူရိပ်ပြပြီး အိမ်ထဲပြန်ဝင်သွားသည် သူလည်း ဆိုင်ကယ်ပေါ်ကနေ တောင်ကြည့်မြောက်ကြည့် ကြည့်ရင်းက ရှေ့တည့်တည့်က ဖြတ်သွားသော taxi ကို အကြည့်ရောက်သွားသည် ကြည့်ရင်း သူ့ဘေးက ဖြတ်သွားသော taxi ပေါ်တွင် john မျက်နှာကို ဘေးတိုက်မြင်လိုက်ရသည် သူ့ဘက်ကို စောင်းငဲ့၍ပင်မကြည့်သော သူငယ်ချင်းရဲ့ မသိချင်ယောင်ဆောင်နေပုံက သူ့အတွက် တကယ်နာကျင်ရပါသည် မရည်ရွယ်ပါဘဲနဲ့ မျက်ရည်တို့က ဝေ့တက်လာသည်
"Philip"
တက်ကြွနေသော အသံပေးရင်း ရွှင်ရွှင်မြူးမြူး လျှောက်လာသော ချစ်သူကို လှမ်းကြည့်ရင်း မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မျက်ရည်တို့ကို ပြန်ရုတ်သိမ်းလိုက်သည် ဝမ်းနည်းစိတ်တို့က ဆု ရဲ့ အပြုံးအောက်မှာ လျှောကျကုန်သည်
"လာ နောက်ကနေတက်ပြီး ကို့ ခါးကိုဖက်"
"ဟုတ်"
Philip ဆိုင်ကယ်ကို အသာအယာ မောင်းထွက်ခဲ့သည် ဘယ်လိုပင် ကြိုးစားဖြေဖျောက်ပါသော်လည်း တချက်ကလေးပင် စောင်းငဲ့မကြည့်ဘဲ ရှေ့ကို ကြည့်ရင်း လိုက်ပါသွားသော john ပုံရိပ်က သူ့အတွေးထဲမှာ တရစ်ဝဲဝဲ ဖြစ်နေသည် အမြဲတမ်း ပြုံးနေပြောင်နေတတ်သော သူငယ်ချင်းထံမှ ဒီလိုဥပေက္ခာမျိုးကို ရလိုက်တာ သူ့အတွက် တအားရင်နာရပါသည်
{ထွက်သွားခိုင်းတာက မင်းသဘောဆိုရင် ပြန်လာဖို့ မလာဖို့ကတော့ ငါ့သဘောပေါ့ }
John ရဲ့စကားသံတချို့ကို ပြန်တွေးရင်း ကျောပြင်မှ အထိအတွေ့ကြောင့် ပျံ့လွင့်နေသော စိတ်တို့ကို စုစည်းလိုက်သည် ဆုအိမ့် philip ခါးကို ဖက်ပြီး ကျောပေါ်ခေါင်းမှီလိုက်သည် ရင်ခွင်ထဲမှာလောက် မနွေးထွေးသော်လည်း ချစ်သူရဲ့ကျောပြင်က သူမအတွက် သူစိမ်းဆန်မနေခဲ့ပါ
Taxi ကားပေါ်မှာ နားကြပ်တပ်ထားရင်း အရာရာကို ဥပေက္ခာပြုထားလိုက်သည် ကားက ဘယ်နေရာရောက်နေတာလဲ ဘေးကလူကဘယ်လိုပုံစံလဲ ကားလမ်းဘေးက ပတ်ဝန်းကျင် အားလုံးကို သူ ဘာမှ စိတ်ဝင်စားစွာကြည့်မနေအားပါ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူငယ်ချင်းများစွာ သီချင်းကိုနားထောင်ရင်းက သူတို့သူငယ်ချင်းငါးယောက်ရဲ့ ပုံရိပ်တို့က ဟိုတကွက် ဒီတကွက် ပေါ်လာခဲ့သည် သူငယ်ချင်းတတွေ တနေရာစီဝေးကွာတဲ့လား ဆုအိမ့် ရဲ့ အိမ်ရှေ့ကို ဖြတ်တုန်းက philip ကို သူ့မျက်ဝန်းထောင့်ကနေ လှမ်းမြင်ခဲ့သော်လည်း သူ စောင်းငဲ့မကြည့်ခဲပါ နှုတ်ဆက်ပါတယ် သူငယ်ချင်း ချစ်သူနဲ့ စိတ်လွတ်လက်လွတ် ပျော်နိုင်ပါစေကွာ ဘယ်လိုပင် စိတ်ကို အာရုံပြောင်းနေပါသော်လည်း philip ရဲ့ ထွက်သွား ဆိုသော စကားတခွန်းက သူ့ရဲ့အတွေးထဲမှာ တရစ်ဝဲဝဲပါဘဲ
{John မင်း ထွက်သွား ငါတို့အနားကနေ ပြီးတော့ မေမြို့ကနေ}
"Hello မြတ်စိုး မင်း ဆေးရုံကြီး အရေးပေါ်ဆောင်ကို မြန်မြန် လာခဲ့ပါ"
ဆေးရုံကြီးမှ သူငယ်ချင်းဆရာဝန်ရဲ့ အလောတကြီးစကားများကြောင့် ဦးမြတ်စိုး လန့်သွားသည်
"ဘာဖြစ်လို့လဲ အောင်ထိုက်"
"ဒီနေ့ ၆ထပ်ကွေ့ ကျောက်ကြမ်းကွေ့မှာ ခွန်အားသစ် ကားလိုင်းက ကားတစီး ချောက်ထဲထိုးကျလို့ အရေးပေါ် လူနာတွေ ရောက်လာတယ် အဲ့ဒီမှာ john ပါနေတယ်
သူငယ်ချင်း"
"ဘာ"
VOUS LISEZ
အဖြူရောင်မေတ္တာ
Roman d'amourနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်