"မေမေ"
အိမ်ရှေ့မှ ကားရပ်သံကြောင့် ဒေါ်မြင့်မိုရ် ထွက်ကြည့်ရာမှ မျှော်လင့်မထားသောသူကို တွေ့လိုက်ရသည်
"John လေး"
သားအမိ အားရပါးရ ဖက်မိကြသည်
"မေမေ့ကို ဖုန်းဆက်ပါလား မေမေတို့လာကြိုမှာပေါ့"
မေမေ့စကားကြောင့် johnလေးရယ်လိုက်သည်
"ကျွန်တော့်မှာ ဖုန်းမှမရှိတာ မေမေရဲ့"
"Vc ပြောတုန်းက ပြောပါ့မလား ပြန်လာမယ်ဆိုတာကို ဘာမှကြိုမပြောဘူး"
"သက်သက်မပြောတာ မေမေတို့ အံသြသွားရအောင်လို့"
"ဟုတ်ပါပြီ အိမ်ထဲအရင်ဝင်ရအောင် အထုပ်တွေ မေမေ ကူသယ်ပေးမယ်"
သားအမိနှစ်ယောက်သား အထုပ်တွေ ကိုယ်စီဆွဲရင် အိမ်ထဲဝင်ခဲ့ကြသည်
"ဖေဖေ နဲ့ ကိုကိုလေးရော ပြန်မလာသေးဘူးလား"
John ဧည့်ခန်းထဲ ခြေပစ်လက်ပစ် ထိုင်ချရင်း မေးလိုက်သည်
"ပြန်မလာသေးဘူးလေ ညနေ ၅နာရီလောက်မှ ပြန်လာမှာ "
ရေတခွက် ခပ်လာပေးရင်းနဲ့ johnလေး ဘေးမှာဝင်ထိုင်လိုက်သည်
အရင်က မျက်နှာနုနုလေးမှာ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတို့က နေရာယူထားပြီး ရင်အုပ်ကားကားနဲ့ ပြုံးနေသော johnလေးက မိန်းကလေးတယောက်ဆိုတာ ကျိန်ပြောရမည်
"ဘာစိုက်ကြည့်နေတာလဲ ကျွန်တော် ချောလာလို့လား"
ဒေါ်မြင့်မိုရ် ရယ်လိုက်သည် လေးနှစ်အတွင်းမှာ တအားပြောင်းလဲသွားတာဘဲ ဒါပေမယ့် ရယ်နေတဲ့ johnလေးပုံစံကိုကြည့်ရင်း သူမ ကျေနပ်ပါသည် johnလေးပျော်နေသည် ရယ်နေသည် ဒါက အဓိကဘဲ ကျန်းကျန်းမာမာနဲ့ ပြုံးရယ်နေရင် လုံလောက်ပါပြီ
"ဒါနဲ့ ဆုအိမ့်ရော ပွဲရုံမှာဘဲလား မေခင်ရော"
သူ့ သူငယ်ချင်းကို အလောတကြီး မေးနေပုံက သူအရာအားလုံး သတိရနေပြီဆိုတာ သက်သေခံနေသည်
"Johnလေး နေကောင်းသွားပြီပေါ့ "
"100%"
"ဖေဖေ နဲ့ ကိုကိုလေးသိရင်တော့ ဝမ်းသာမှာဘဲ"
"Sorryပါမေမေ စိတ်ပူအောင် လုပ်မိလို့"
Johnလေး မေမေ့ ပေါင်ပေါ်လှဲအိပ်ရင်း ပြောတော့ မေမေက ခေါင်းကို အသာအယာပွတ်ပေးသည် ခရီးပန်းလာတာရယ် မေမေ့ပေါင်ပေါ်အိပ်ရတာ ဇိမ်ကျတာရယ်နဲ့ john အိပ်ပျော်သွားသည်
"ဟား john"
ိကိုကိုလေး အိမ်ပြန်ရောက်ရောက်ချင်း ဆိုဖာပေါ်မှာအိပ်နေသော johnကို တွေ့လိုက်ရသောကြောင့် မယုံကြည်နိုင်စွာ john ဆီပြေးပြီး ကိုင်လှုပ်ကြည့်လိုက်သည် အိမ်မှုံစုံမွှားဖြစ်နေတာ john မှ john အစစ်ပါ
"ပြန်လာပြီလား အဲ့ဒါဆို အကြာကြီးအိပ်ပစ်တာဘဲ"
John အကိုဖြစ်သူအား နှုတ်ဆက်ရင်း ရေရွတ်လိုက်သည်
"ကဲ ကဲ နှစ်ယောက်လုံး ရေသွားချိုး ပြီးရင် ထမင်းတူတူစားမယ်"
မေမေ့ရဲ့ဆော်သြမှုကြောင့် နှစ်ယောက်သား အိမ်ပေါ်တက်ခဲ့သည်
အခန်းထဲကို ဝင်လိုက်တော့ လတ်ဆတ်နေတဲ့ လိမ္မော်နံသင်းသင်းလေး ရလိုက်သည် မေမေနေ့တိုင်း သန့်ရှင်းရေး လုပ်ထားပုံရသည် လေးနှစ်တာ လူမနေခဲ့သော အခန်းလေးက သပ်ရပ်နေသည် ဖုန်မရှိ အမှိုက်မရှိဘဲ သူ့နေရာနဲ့သူ အစီစဉ်တကျ သပ်ရပ်နေသည် johnပြုံးလိုက်သည် တပတ်လောက်နေပြီးရင်တော့ ဒီအခန်း ညစ်ပတ်သွားမှာဘဲ
Johnတို့ မိသားစု ညနက်မှ အိပ်ရာဝင်ဖြစ်သည် နေ့တိုင်းနီးပါး video call ပြောခဲ့တာတောင် အိမ်ပြန်ရောက်တော့ ပြောစရာတွေက ပုံအောနေသည်
မျက်နှာနေရောင်ထိုးတော့မှ john အိပ်ရာနိုးတော့သည် သူ့ကို ဘယ်သူမှ လာမနှိုးကြ ကိုယ့်အိမ်ကိုယ်ရာမှာမို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်
"မေမေ ဖေဖေတို့သွားခဲ့ပြီလား"
မီးဖိုချောင်ထဲမှာ အလုပ်ရှူပ်နေသော မေမေ့ကို john မေးလိုက်သည်
"သွားခဲ့ပြီ johnရဲ့ ဒီမှာ မုန့်ဟင်းခါး ဝယ်ထားတယ် စားဦး"
"မေမေ မေခင်က အိမ်မလာတော့ဘူးလား ဆုအိမ့်ကရော အိမ်မှာလုပ်တာ မဟုတ်ဘူးလား"
မုန့်ဟင်းခါး ပလုတ်ပလောင်း စားရင်းနဲ့ မေးခွန်းထုတ်နေသော johnကို ဒေါ်မြင့်မိုရ် ပြုံးကြည့်လိုက်သည်
"Johnလေး စားစရာရှိတာစား မေမေ ပွဲရုံလိုက်သွားဦးမယ် John လည်း သူငယ်ချင်းတွေအိမ် လည်ဦးမှာမလား"
John ရေချိုးပြီး မွှေးတို့အိမ်ဘက် လမ်းလျှောက်ခဲ့သည် လမ်းမှာ တောင်တောင့်ကြီး လမ်းလျှောက်နေသော မင်းမင်းကို john လှမ်းမြင်လိုက်သည် မင်းမင်းကတော့ သူ့ကို သေချာစူးစိုက်ကြည့်နေသည်
"လူက သူငယ်နာမစင်တဲ့ရုပ်နဲ့ စစ်ဗိုလ်လုပ်ဦးမယ်"
မင်းမင်းဘေးက ဖြတ်သွားတော့ john ရေရွတ်လိုက်သည်
ကြားလိုက်ရသောအသံကြောင့် မင်းမင်းဒေါသထွက်သွားသည် အစောကတည်းက ထိုလူကို သူစိတ်ဝင်စားနေသည် john ရဲ့မျက်လုံးတို့ john ပုံစံပါဘဲ ဒါပေမယ့် နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး ရေးရေးနဲ့ ခပ်ထွားထွားပုံက သူ့ကိုတွေးရခက်စေသည်johnက ပိန်သေးသေး မဟုတ်လား ဘေးက ပြောလိုက်သော စကားသံက ယောက်ျားသံခပ်သြသြပါ မင်းမင်းနောက်လှည့်ကြည့်လိုက်သည် သူ့ကို ပြုံးပြီးကြည့်နေသော ထိုလူ့ကို မြင်လိုက်ရသည်
"ခွေးကောင်"
မင်းမင်း ပြန်ပြေးသွားပြီး ပုခုံးကို လှမ်းဖက်လိုက်သည်
"ငါ့ကို မှတ်တောင်မမှတ်မိဘဲနဲ့ "
John ရယ်ရင်း ပြန်ပြောလိုက်သည်
"မင်းက တအားပြောင်းလဲသွားတာကိုး"
မင်းမင်း ပြန်ပြောရင်း johnကို သေချာကြည့်လိုက်သည်
"John မင်းတော့ စိတ်ထင်တိုင်းကြဲပစ်တာဘဲ"
"စိတ်ချမ်းသာတယ်လေ"
"မင်းဘဲ ကောင်းတယ်"
"မင်းကရော မကောင်းလို့လား စစ်ဗိုလ်ကြီးရဲ့"
ပြုံးရယ်နေသော john ပုံကိုကြည့်ရင်း မင်းမင်း သက်ပြင်းချလိုက်သည်
"John မင်း ဘယ်သွားမလို့လဲ "
"မွှေး အိမ်သွားမလို့လေ"
"မသွားနဲ့ဦး ငါ့အိမ်လိုက်ခဲ့"
မင်းမင်း ပြောပြောဆိုဆိုနဲ့ john ကို ဆွဲခေါ်လာခဲ့သည်
"မင်းက တာဝန်မကျသေးဘူးလား"
"ကျပြီ လားရှိုးမှာ အခုက ကျောင်းဆင်းပွဲပြီးလို့ ခဏနားခွင့်ရတာ"
စကားတပြောပြောနဲ့ မင်းမင်းအိမ်ဘက် လျှောက်ခဲ့သည် အိမ်ရောက်တော့ မင်းမင်းက ကားထုတ်လာသည်
"မင်းမင်း ဘယ်သွားမလို့လဲကွ"
"တက်ကွာ သွားစရာရှိတယ် "
မင်းမင်း ကို ဘာမှထပ်မမေးတော့ဘဲ john ကားပေါ်တက်ခဲ့သည် john ကားလမ်းဘေးကို ကြည့်ရင်း လိုက်လာခဲ့သည် သူသိတာက မင်းမင်းမောင်းနေတာက မန္တလေးဘက် ပြီးတော့ ထုံးဘိုလမ်းခွဲကနေ မြစ်ငယ်လမ်း ကိုရောက်သွားသည် ကားလမ်းမကြီးကနေ လမ်းသွယ်ထဲ ချိုးကွေ့လိုက်သည် ချိုးကွေ့ပြီးတော့ကို ရွာသုံးရွာလောက် ဖြတ်ကျော်ပြီးမောင်းခဲ့သည်
"မင်းမင်းရာ မရောက်သေးဘူးလား တော်တော်ဝေးနေပြီ"
John ခါးဆန့်ရင်း မေးလိုက်သည်
"ရောက်တော့မှာပါကွာ "
သရက်ခြံကြီးတွေကို ဖြတ်ကျော်ပြီးတော့ ယူကလစ်ပင်တန်းကြီး ခြံရံထားသော ကျောက်ခင်းလမ်းလေးကို ရောက်လာသည် မင်းမင်း ရွာထဲမောင်းဝင်လာသည် ရွာထဲတော်တော်ဝင်ပြီး တိုက်အိမ်အဝါဖျော့ဖျော့လေးရှေ့မှာ ကားရပ်လိုက်သည်
"John ဆင်းလေ "
John ကို လှမ်းပြောပြီး မင်းမင်း ကားပေါ်ကဆင်းလိုက်သည်
John ကားပေါ်ကဆင်းပြီး မင်းမင်းနောက်ကနေ ခြံဝန်းထဲဝင်လာခဲ့သည် စံပယ်ပန်းတွေ နှင်းဆီပန်းတွေစိုက်ထားသော အိမ်လေးက နေချင့်စဖွယ်ဖြစ်နေသည် ဘေးကအဖီဆွဲထားသော အခန်းလေးမှာ ထိုင်ခုံလေးတွေချပြီး လိုက်ကာ ကာထားသည် ဆေးခန်းဖြစ်ပုံရသည်
ဆုအိမ့် ကားသံကြောင့် ထွက်ကြည့်ရာ မင်းမင်းရယ် သူ့ဆေးခန်းဘက်ကို ငေးကြည့်နေသော လူတယောက်ရယ်ကိုတွေ့လိုက်ရသည်
"မင်းမင်း"
ဆုအိမ့် ကြည်နူးစွာနဲ့ ခေါ်လိုက်သည် သူငယ်ချင်းကို မတွေ့ရတာကြာပါပြီ
"နင်ကျောင်းဆင်းတာ ကြားတယ် ငါလည်းအလုပ်များတာနဲ့"
"အေး ငါ့ကိုတော့ မခေါ်နဲ့"
ဆုအိမ့်စကားကို ဖြတ်ပြောချလိုက်သော johnကြောင့် မင်းမင်းရယ်လိုက်သည်
"John မင်း အရင်တိုင်းဘဲ ဆုအိမ့်က သူများကို မျက်နှာသာပေးရင် မကြိုက်ဘူး"
မင်းမင်းစကားကြောင့် ဆုအိမ့်အံ့သြသွားသည်
"John "
ဆုအိမ့် နာမည်ခေါ်ရင်း john ကို ပြေးဖက်လိုက်သည်
"ပြန်လာပြီပေါ့"
"အွန်း"
"အကုန်မှတ်မိပြီလား"
"အွန်း"
ဆုအိမ့် ဘာမှဆက်မမေးတော့ဘဲ john ကို ဖက်နေရာမှခွာပြီး စိုက်ကြည့်လိုက်သည်
"John မေမေနောက်ဖေးက သစ်ပင်ရိပ်မှာ ချည်လုံးရစ်နေတယ် "
John နောက်ဖေးဘက် လာခဲ့သည် တရုတ်မန်ကျည်းပင်အောက်မှာ ထိုင်ပြီး ချည်လုံးတွေနဲ့ အလုပ်ရှူပ်နေသော မေခင့်ကို တွေ့လိုက်သည်
"မေခင် "
John အသံပေးရင်းနဲ့ နောက်ကနေ သိုင်းဖက်လိုက်သည်
ဒေါ်ခင်ခင်လေး ရုတ်တရက် ကြားလိုက်သော အသံနဲ့အတူ john ရဲ့အငွေ့အသက်ကို ခံစားမိလိုက်သည်
"Johnလေးလား johnလေး"
"ဟုတ်ကဲ့ မေခင်က johnတို့ကို ခွဲသွားတယ်နော်"
"John အရင်ထားခဲ့တာပါ"
"အခြေအနေအရမို့ပါ"
"Johnလေး ငယ်ရုပ်တောင် သိပ်မကျန်တော့ဘူး ဒီနေ့ည ဒီမှာအိပ်ရမယ် ရောက်တုန်း အေးဆေးနေသွား"
"အဲ့ဒါတော့ မဖြစ်ဘူး မေမေတို့ကို ဘာမှမပြောခဲ့ရဘူး နောက်မှအေးဆေးလာခဲ့မယ်လေ"
Johnလေး စိတ်မကောင်းစွာနဲ့ဘဲ ငြင်းဆန်လိုက်သည်
"မေခင် ဖုန်းဆက်လိုက်ပါ့မယ် စိတ်ချ အကြာကြီးနေမှ ပြန်တွေ့တာကို အေးဆေးနေပြီးမှပြန်"
"မေမေတို့နဲ့ အဆက်အသွယ်ရှိတာကိုး "
"ရှိပါ့တော် ဒီလိုအခြေကျအောင်လည်း john တို့အိမ်က အများကြီး ကူညီပေးခဲ့တာ"
ဆုအိမ့်တို့တိုက်ကနေ လှမ်းကြည့်လိုက်ရင် တငြိမ့်ငြိမ့်စီးနေသော မြစ်ပြင်ကြီးကို တွေ့ရသည်
"ဆုအိမ့် ဒါ ဘာမြစ်လဲ "
"ဒုဋ္ဌဝတီမြစ်လေ"
ဆုအိမ့်ကပြောရင်း မြစ်ဘက်လမ်းလျှောက်သွားသည်မို့ john နောက်ကနေ လိုက်ခဲ့သည် မင်းမင်းကတော့ ပင်ပန်းသွားပုံရသည် သစ်ပင်ရိပ်ကကှုလားထိုင်မှာ အိပ်ပျော်နေသည်
"ဆုအိမ့် နင်ဒီကို ပြောင်းလာတာ ငါ့ကြောင့်လား"
John ဆုအိမ့်မျက်နှာ မကြည့်ဘဲ မေးလိုက်သည်
"မဟုတ်ပါဘူးဟယ် ဒါက ငါတည်ဆောက်ချင်တဲ့ ဘဝပုံစံလေဟာ ငါက ဆေးကုတယ် အမေက ချည်လုံးတွေ ပြန်းတယ် ဒါက အမေ့ဇာတိလေ ငါတို့အဆင်ပြေပါတယ် ငါတို့တားနေတဲ့ကြားကတောင် ကိုကိုလေးက တိုက်ဆောက်ပေးခဲ့တယ်"
"ငါမရှိတဲ့ အချိန်လေးမှာကို တော်တော်များများ ပြောင်းလဲသွားကြပြီဘဲ"
"နင်လည်း ပြောင်းလဲသွားတာဘဲjohn အရင်ကလို ပိန်ပိန်သေးသေးနဲ့ နုဖက်နေတဲ့ john မဟုတ်တော့ဘူး နင် ဟော်မုန်းကုသမှု ခံယူထားတာလား"
"အင်း ဟုတ်တယ် ငါ သေချာဆုံးဖြတ်ပြီး လုပ်ခဲ့တာ"
"နင်ကံကောင်းပါတယ် ဒီမှာဘဲ ဆက်နေမယ်ဆိုရင် နင် အဲ့ဒီလို စနစ်တကျ ကုသခွင့်ရမှာမဟုတ်ဘူး "
"ဒီမှာလည်း tomboy တွေ ဟော်မုန်းကုသမှု မခံယူကြဘူးလား"
"ခံယူချင်ရင်တောင် အဲ့ဒီအပိုင်းက ငါတို့ဆီမှာ မတွင်ကျယ်ဘူး မရှိသလောက်ပါဘဲ ဟော်မုန်းဆေးထိုးကြတယ် အချိန်တန်ရင် ဆေးပြယ်သွားမှာဘဲ ဘယ်လောက်ပမာဏထိုးရမယ် ဘယ်ချိန်ပြန်ထိုးရမယ်ဆိုတာ တကယ်လမ်းညွှန်ပေးနိုင်တဲ့ ဆေးခန်းမရှိဘူး john အဲ့ဒီတော့ ဒီအတိုင်း ထိုးကြတယ် ကျောက်ကပ်တွေ ထိမယ် အရိုးပွမယ်ပြီးတော့ ကိုယ့်အတွက် ဘာမှမကျန်ခဲ့ဘူး ထားပါ အဲ့ဒါ ငါသိသလောက်ပေါ့ သေချာသိတဲ့လူလည်း ရှိမှာဘဲ နင်ကတော့ ကံကောင်းတယ်"
ဆုအိမ့်စကားကြောင့် john ပြုံးပြီး ခေါင်းညိတ်လိုက်သည်
"Philip အတွက်လေ့လာနေတာလား သူရော ဆေးထိုးနေတာလား"
John အမေးကြောင့် ဆုအိမ့် နားမလည်စွာနဲ့ john ကိုကြည့်လိုက်သည်
"John နင်မသိဘူးလား philip အိမ်ထောင်ကျနေပြီလေ"
ဆုအိမ့်စကားကြောင့် john မျက်မှောင်ကြုတ် လိုက်သည်
"ဘယ်သူနဲ့လဲ ဘာကြောင့်နင့်ကို ထားခဲ့တာလဲ"
John မေးခွန်းများ ဆက်တိုက်မေးလိုက်သည်
"သူနေတဲ့အိမ်က သူဋ္ဌေးရဲ့သားနဲ့"
"ဘာ နင်ဘာတွေပြောနေတာလဲ သူက tomboyလေ ငါနဲ့အတူ ငယ်ငယ်လေးကတည်းက tomboy လိုနေလာတဲ့သူ ဘာလို့ ယောက်ျားယူမှာလဲ အဓိပ္ပါယ် မရှိတာ"
John ဆုအိမ့်ပုခုံးကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်
"အဓိပ္ပါယ် ရှိတာ မရှိတာတွေ ငါမသိဘူး ငါသိတာက အဲ့ကောင် ငါ့ကို ထားခဲ့တယ် အိမ်ထောင်ပြုသွားတယ် အဲ့ဒါဘဲ ငါသိတာ အဲ့ဒါပြ ဘာမှဆက်မသိတော့ဘူး"
"မဖြစ်နိုင်တာဟာ သူ အခုဘယ်မှာလဲ"
ဆုအိမ့် မချိပြုံးပြုံးရင်း ခေါင်းယမ်းပြလိုက်သည် သူမဘဝမှာ philip ဆိုတဲ့လူတယောက်ကို ဥပေက္ခာ ပြုထားခဲ့တာကြာပါပြီ အာရုံထဲမှာ ပေါ်လာတတ်တဲ့ philipရဲ့ပုံရိပ်တွေကို ဇွတ်အတင်း မေ့ဖျောက်ရင်း ကြိတ်မှိတ်ပြီး နာကျင်ခဲ့ရတဲ့ရက်တွေကို ပြန်အမှတ်မရချင်တော့ပါ
"တခုခုမှားနေပြီ တခုခုမှားနေပြီ "
John ရေရွတ်ရင်း သောင်ပြင်ကနေ ရေထဲဆင်းသွားသည်
ဆုအိမ့် john လှုပ်ရှားမှုတွေကို မမှိတ်မသုန် ကြည့်နေလိုက်သည်
John စိတ်ရှူပ်ထွေးတိုင်း စိတ်ဓာတ်ကျတိုင်း ရေနားနေရမှ ကျေနပ်သူဖြစ်သည် ပေါင်လယ်လောက်ရှိသော နေရာမှာ မတ်တပ်ရပ်လိုက် ရေထဲပစ်လှဲချလိုက်လုပ်နေသော johnပုံစံကိုကြည့်ရင်း ဆုအိမ့် ရယ်လိုက်သည် ထိုစဉ်မှာဘဲ သူမခန္ဓာကိုယ် လေထဲမြှောက်သွားပြီး တစုံတယောက်ရဲ့ ပွေ့ယူခြင်းကို ခံလိုက်ရသည်
မင်းမင်း ဆုအိမ့်ကို ပွေ့ချီရင်း john ရေငုပ်နေသော နေရာကို လျှောက်လာသည် johnနားလည်းရောက်ရော ဆုအိမ့်ခန္ဓာကိုယ်ကို ရေထဲပစ်ချလိုက်သည်
"အား မင်းမင်းကောင်စုတ်"
ဆုအိမ့် ရေထဲမှ လူးလဲထရပ်ပြီး မတ်တပ်ရပ်ရယ်နေသော မင်းမင်းကို တွန်းလဲလိုက်သည်
သုံးယောက်သား မြစ်ထဲမှာ တယောက်နဲ့တယောက် စနောက်ရင်း ရေကူးကြသည် ခိုက်ခိုက်တုန်မှ ကမ်းပေါ်တက်ကာ အိမ်အရောက် အပြိုင်အဆိုင် ပြေးကြသည်
"အမလေး အမလေး ဘယ်လိုဖြစ်လာကြတာလဲ ကလေးမဟုတ် ကုလားမဟုတ်နဲ့ ဟိုနှစ်ကောင် နင်တို့အဝတ်လဲစရာပါလား"
ဒေါ်ခင်လေး စကားကြောင့် မင်းမင်းနဲ့ john နဲ့ တယောက်ကိုတယောက် မျက်လုံးပြူးပြီး ကြည့်လိုက်သည်
"မပါဘူးမလား အိမ်ကနေစောင့်နေကြ မေခင် ချက်ချင်းပြန်လာခဲ့မယ်"
ပြောပြောဆိုဆို အိမ်အပြင်ထွက်သွားသည့် မေခင့်ကိုကြည့်ရင်း သူတို့နှစ်ယောက် အိမ်ရှေ့မှာ ကုပ်ကုပ်လေး မတ်တပ်ရပ်နေကြသည်
ဆုအိမ့် အဝတ်အစားလဲပြီး ထွက်လာတော့ ကုပ်ကုပ်လေးရပ်နေသည့် နှစ်ယောက်ကို ကြည့်ပြီး ရယ်ချင်သွားသည်
"နင်တို့က အဝတ်မပါဘဲ ရေကူးချင်တာကိုးဟ"
အိမ်ကနေ ခန့်ခန့်ကြီးပြုံးရင်း ပြောလိုက်သော ဆုအိမ့်ကို သူတို့နှစ်ယောက် အတော်ကြည့်မရ ဖြစ်သွားသည်
"ကဲ ရော့ ပုဆိုးရယ် အကျီင်္ရယ်"
မေခင်ပေးသော ပုဆိုးနဲ့အင်္ကျီကို သူတို့ မြန်မြန်ယူပြီး အိမ်ထဲပြေးဝင်ကြသည် ကလေးစိတ်မပျောက်သေးသော လူကြီးလေးများပါလား ရွာမို့ စတိုးဆိုင်ကြီးကြီးမားမားမရှိပါ ပုဆိုးထွက်သောရွာမို့ ပုဆိုးအလွယ်တကူ ဝယ်၍ရသော်လည်း အင်္ကျီကတော့ စွပ်ကျယ်သာ ရခဲ့သည်
ပုဆိုးအသစ် မြင်းခေါင်းစွပ်ကျယ်အသစ်နဲ့ နှစ်ယောက်သား ကွပ်ပျစ်ပေါ် ထိုင်နေကြသည် မေခင်ကတော့ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည် ဆုအိမ့်ကတော့ လူနာတွေကို ကြည့်ပေးနေသည်
"ကြည့်စမ်း john မင်းရဲ့လက်မောင်းက အကြီးကြီးဘဲ ကြွက်သားတွေရောဘဲ gym ဆော့ထားတာလား"
မင်းမင်း john လက်မောင်းတွေကို ကိုင်ရင်း မေးလိုက်သည်
"အေး မင်းလည်း ကျောင်းဆင်းတာ မကြာသေးဘူး နေ့တိုင်း train ခံနေရတာ six pack လေး ဘာလေးမရှိဘူးလား"
"ရှိတယ်မောင် ဒီမှာ ကြည့်"
မင်းမင်း ဂုဏ်ယူစွာနဲ့ သူ့ဗိုက်ကို လှန်ပြလိုက်သည်
"ဟား ဟား မင်းက လက်စသတ်တော့ မင်းရဲ့ six pack ကြွားချင်လို့ စကားခေါ်တာပေါ့ မင်း ကျောင်းပြီးပြီ နောက်ဆိုရင် ဗိုက်ပူဖြစ်တော့မှာ"
John ကို မင်းမင်း မကြည်ကြည့်လိုက်သည်
"ဆရာမ သူငယ်ချင်းတွေလား"
ကွပ်ပျစ်အောက်မှာ စကားပြောငြင်းခုန်နေသော johnတို့နှစ်ယောက်ကို လူနာတွေက အထူးအဆန်းလို ကြည့်ရင်းမေးသည် သူမအိမ်ကိုလာသော ဧည့်သည် မရှိသလောက်ရှားပါးသည် မဟုတ်ပါလား
"ဟုတ်တယ် အချစ်ဆုံးသူငယ်ချင်းတွေလေ"
ဆုအိမ့် ဂုဏ်ယူစွာနဲ့ ပြုံးရင်း ပြောလိုက်သည် ဘယ်လောက်ဘဲနှစ်တွေကြာကြာ ဘယ်လိုဘဲဝေးခဲ့ကြပါစေ ပြန်တွေ့ချိန်မှာတော့ လတ်ဆက်နွေးထွေးသော သံယောဇဉ်ကို ခံစားရမြဲပါ
"မင်းမင်း philip သတင်းကြားမိလား"
"ဟင့်အင် မကြားမိဘူး"
"မနက်ဖြန် မန္တလေးဝင်ပြီးမှ အိမ်ပြန်မယ် philipနဲ့တွေ့ကိုတွေ့ရမှ ဖြစ်မှာ"
"မင်းက philip နေတဲ့နေရာသိလို့လား"
"မသိဘူး ဒါပေမယ့် ကျောက်ဝိုင်းမှာ သွားစုံစမ်းရင် ရနိုင်တာဘဲဟာ"
နှစ်ယောက်သား အတွေးကိုယ်စီနဲ့ တိတ်ဆိတ်သွားကြသည် သူတို့နှစ်ယောက် မနက်ဖြန်ကြရင် အဖြေမထွက်ခဲ့သော ပုစ္ဆာတပုဒ်ကို အတူတကွ ဖြေရှင်းကြရဦးမည်
BINABASA MO ANG
အဖြူရောင်မေတ္တာ
Romanceနင်က ငါ့အတွက် ပထမလူမဖြစ်ခဲ့ဘူး ဒါပေမယ့် ငါ့ဘဝအတွက် ထာဝရလူ ဖြစ်စေရမယ် ငါ နင့်ကို ချစ်တဲ့အချစ်က အမြဲတမ်း ဖြူစင်ခဲ့တယ် အမြဲတမ်း သန့်ရှင်းခဲ့တယ် ဒါပေမယ့် အဲ့ဒီ အချစ်ဟာ အရမ်းခမ်းနားပြီး တန်ဖိုးကြီးပါတယ်