အခန်း ၆ (Chapter 6)

13.8K 1.1K 57
                                    

(Unicode Version)


၂၀၂၀ခုနှစ်၊ မေလ ၃၀ရက် ၊ နံနက် ၁၂နာရီ

"🎶...🎶...🎶"

တိတ်ဆိတ်နေတဲ့ ညသန်းခေါင်အချိန်မှာ ကျယ်လောင်စွာ မြည်လာတဲ့ ဖုန်းသံကြောင့် သူ လန့်နိုးလာခဲ့ရသည်။ ဖုန်းခေါ်ဆိုသူရဲ့နာမည်ကို ကြည့်လိုက်တော့ မေမေ ဖြစ်နေလေသည်။ ဖေဖေနဲ့မေမေက ည(၉)နာရီလောက်တုန်းက အသိတစ်ယောက်ဆီ ထွက်သွားကြပြီး အခုထိ ပြန်မရောက်ကြသေးပေ။ အခုလည်း သူ့ဆီ ဖုန်းလှမ်းဆက်တယ်ဆိုတော့ ဟိုမှာပဲ ညအိပ်လိုက်တော့မယ်လို့ လှမ်းပြောတာ ထင်ပါရဲ့။

"ဟယ်လို...မေမေ။"

"မောင်သူရိန်ကို လား ခင်ဗျ!?"

သူစိမ်းတစ်ယောက်က ဘာလို့ မေမေ့ဖုန်းနဲ့ လှမ်းဆက်ရတာလဲ!? သူ အံ့ဩစွာဖြင့် ပြန်ဖြေလိုက်မိသည်။

"ဟုတ်ပါတယ်။"

"ကျွန်တော်က ဒုရဲအုပ်မြင့်စိန်ပါ။"

ရဲဆိုတဲ့စကားကြားတော့ သူ ရင်ထဲ ထိတ်သွားတော့သည်။

"ဟုတ်ကဲ့။ ဘာကိစ္စများ ရှိလို့လဲ မသိဘူး။"

"ကျွန်တော် အခု ပြောမယ့်ကိစ္စကို စိတ်ခိုင်ခိုင်ထားပြီး နားထောင်ပေးပါ။"

ထိုစကားကြောင့် သူ ပိုလို့တောင် စိုးရိမ်စိတ် ၀င်လာတော့သည်။

"ဟုတ်ကဲ့။"

"မောင်သူရိန်ကိုရဲ့မိဘနှစ်ပါးစလုံး ကားမတော်တဆမှုကြောင့် ဆုံးပါးသွားကြပါပြီ..."

သူ့မျက်လုံးတွေ ပြာဝေလာပြီး တစ်ဖက်က ဘာဆက်ပြော‌နေမှန်း မသိတော့ပေ။ သေချာတာတော့ ‌အခုချက်ချင်း ဆေးရုံကို လာပြီး အလောင်းကို စစ်ဆေးပေးဖို့ ပြောနေခြင်းဖြစ်သည်။ သူ ဆေးရုံနာမည်ကို စာရွက်မှာ သေချာမှတ်ပြီး အမြန်ထွက်သွားဖို့ ပြင်ရတော့သည်။ အ၀တ်အစားလဲပြီးတာနဲ့ ဒါရိုင်ဘာဦးလှကို ခေါ်ပြီး ဆေးရုံသို့ ထွက်လာခဲ့သည်။ လမ်းတလျှောက်လုံးမှာ အဲ့အလောင်းနှစ်ခုက ဖေဖေနဲ့မေမေ ဖြစ်မနေဖို့ ဆုတောင်းခဲ့ပေမယ့် သူ့ဆုတောင်းတွေ မပြည့်၀ခဲ့ပေ။ ဆေးရုံကုတင်ပေါ်က ပိတ်စ,အဖြူလွှမ်းထားတဲ့ ဖေဖေနဲ့မေမေရဲ့ရုပ်အလောင်းကို သူ ကြာကြာမကြည့်ရဲဘဲ မျက်နှာလွှဲလိုက်မိသည်။ အခု သူ ဘာဆက်လုပ်ရမှာလဲ!? ဖေဖေနဲ့မေမေကတော့ သူ့ဘ၀ထဲက အပြီးအပိုင် ထွက်သွားကြပြီ။ သူနဲ့ သူရိန်ညီက နောက်ဆို ဘယ်သူ့ကို အားကိုးပြီး နေကြရမှာလဲ!? ရှေ့ဆက် ရင်ဆိုင်ရမယ့် အနာဂတ်ကို တွေးပြီး သူ ရင်မောနေမိသည်။ ဒါပေမဲ့ အစ်ကိုကြီးဖြစ်တဲ့ သူက ပျော့ညံ့ပြနေလို့ ဘယ်ဖြစ်ပါ့မလဲ!? သူရိန်ညီရဲ့စိတ်က ပျော့ပျော့လေးရယ်။ သူရိန်ညီ့အတွက် သူ ကြိုးစားပြီး အားတင်းထားရမှာပေါ့။ ဆေးရုံမှာ လုပ်စရာရှိတာတွေကို အမြန်လုပ်ပြီး အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ရှာတဲ့ သူ့ညီလေးဆီ ပြန်လာခဲ့တော့သည်။ သူ အိမ်ပြန်ရောက်လာချိန်မှာ နံနက် ၅:၀၀ ရှိလေပြီ။ ဆေးရုံက ပြန်လာတာမို့ ရေချိုးသန့်စင်ပြီးမှ သူရိန်ညီ့အခန်းဆီ သွားလိုက်တော့သည်။ ဖေဖေနဲ့မေမေ ဆုံးပါးသွားတာကို မသိရှာဘဲ အေးချမ်းစွာနဲ့ အိပ်ပျော်နေတဲ့ သူ့ညီလေးကို မွေ့ယာထောင့်စွန်းနားမှာ ထိုင်ပြီး ငြိမ်သက်စွာ ကြည့်နေမိသည်။ သူရိန်ညီ့အပေါ်မှာ မနာလိုစိတ်၊ အပြစ်မြင်စိတ်တွေ ရှိခဲ့ဖူးပေမယ့် အခုလိုမျိုး ရုတ်တရက် မိဘမဲ့ဘ၀ ရောက်သွားခဲ့ရရှာတဲ့ (၁၂)နှစ်အရွယ် ကလေးတစ်ယောက်ကို သူ ဘယ်လိုနှလုံးသားမျိုးနဲ့ ပစ်ပယ်ထားနိုင်မှာလဲ!? ဒီကောင်လေးကလည်း သူ့လိုပဲ မိဘမဲ့ကလေးတစ်ယောက် ဖြစ်သွားခဲ့ပြီလေ။ ခဏကြာတော့ သူရိန်ညီ့မျက်လုံးတွေ ပွင့်လာပြီး သူ့ကို တအံ့တဩနဲ့ မေးလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now