အခန်း ၁၅ (Chapter 15)

9.7K 702 15
                                    

(Unicode Version)


၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂ရက်၊ နံနက် ၁၂နာရီ

မနေ့က Gay Barမှာ သူ လာစောင့်နေခဲ့ပေမယ့် ၁၂နာရီထိုးသွားချိန်အထိ ဒန်နီရယ့်အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။

"မင်းကတော့ ဒန်နီရယ့်ကျော့ကွင်းမှာ မိသွားပြီပဲ။"

ရှေ့နားက ခုံမှာ လာထိုင်ရင်း ပြောလိုက်တဲ့ မန်နေဂျာကို သူ လှမ်းကြည့်လိုက်မိသည်။

"ဒီ Barကို လာတဲ့ ယောက်ျားလေးတော်တော်များများက ဒန်နီရယ့်ကို ပိုင်ဆိုင်ချင်ကြတဲ့ သူတွေချည်းပဲ။ ဒါပေမဲ့ သူ့ရဲ့စပွန်ဆာသူဌေးက အဲ့လူတွေအားလုံးကို ရှင်းထုတ်ပစ်ခဲ့တာ။ ဒန်နီရယ့်အပေါ် သူ့ရဲ့အစွဲအလမ်းက တအားကြီးလွန်းတယ်။ အဲဒါကြောင့် မင်းကိုလည်း ဒန်နီရယ်နဲ့ သွားမပတ်သက်ဖို့ ပြောနေရတာ။"

သုံးလိပ်မြောက် စီးကရက်ကို ပြာခွက်ထဲ ထိုးထည့်လိုက်ပြီး မန်နေဂျာ့ကို သူ မေးလိုက်မိသည်။

"သူ့စပွန်ဆာသူဌေးက ဘယ်သူလဲ!?"

မန်နေဂျာက သူ့အနားကို တိုးတိုးလေး ကပ်ပြောလေသည်။

"Glorious Sunကုမ္ပဏီပိုင်ရှင် သူဌေး ဦးထွဋ်ခေါင်ဦးတဲ့။ အသက်ကတော့ မင်းထက် နည်းနည်းပဲ ကြီးလိမ့်မယ်။"

Glorious Sunက ဟိုးအရင်ကတည်းက အောင်မြင်ကျော်ကြားလာခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်သည်။ လုပ်ငန်းရှင်တွေကြားမှာ အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ ကုမ္ပဏီဆိုလည်း မမှားပေ။ ဒန်နီရယ်က ခြေကုပ်ကောင်းကောင်း ရထားတာပဲ။

"ဒန်နီရယ်နဲ့ သူနဲ့က သိတာကြာပြီလား!?"

မန်နေဂျာက ခေတ္တစဉ်းစားပြီး ပြန်ဖြေလေသည်။

"သူတို့ ဘယ်အချိန်ထဲက သိနေကြတာလဲဆိုတာတော့ တို့လည်း မသိဘူး။ ဒါပေမဲ့ ဦးထွဋ်ခေါင်ဦးက‌ ဒန်နီရယ့်ကို ဒီနေရာကို စ,ခေါ်လာခဲ့တာကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ။"

ထိုအချိန်မှာပဲ ဘားထဲကို လူနှစ်ယောက် ၀င်လာလေသည်။ တစ်ယောက်က သူ မျှော်လင့်နေခဲ့ရတဲ့ ဒန်နီရယ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အသက် ၃၀အရွယ်ခန့်ရှိပြီး ခန့်ညားလှတဲ့ ယောက်ျားတစ်ယောက်ပင် ဖြစ်သည်။ ဒန်နီရယ်က သူ့ကို မြင်တော့ ၀တ်ကျေတန်းကျေ လှမ်းပြုံးပြလိုက်ပြီး ချက်ချင်းမျက်နှာလွှဲသွားလေသည်။ မနေ့ညက အတူ ပျော်ပါးခဲ့ဖူးသူတစ်ယောက်အပေါ် ဒန်နီရယ်ရဲ့ဆက်ဆံပုံက အေးစက်စက်နိုင်လွန်းလှသည်။ သူတို့နှစ်ဦးက ဘေးလူတွေကို ဂရုမထားဟန်ဖြင့် ဖြတ်လျှောက်သွားပြီး ခပ်လှမ်းလှမ်းက ဆိုဖာပေါ်တွင် နီးကပ်စွာ ထိုင်ရင်း ရယ်မောပျော်ရွှင်စွာ စကားပြောနေကြလေသည်။ တခြားသူတစ်ယောက်နဲ့ ဒန်နီရယ် အခုလို ပျော်ရွှင်နေတဲ့မြင်ကွင်းက သူ့အတွက်တော့ ငရဲခန်းတစ်ခုလိုပင်။ ထိုအချိန်မှာပဲ ထွဋ်ခေါင်ဦးဆိုသူက ဒန်နီရယ့်ကို ပွေ့ဖက်ပြီး နမ်းလိုက်လေသည်။ ဒန်နီရယ်ကလည်း ထိုလူ့ဆီက အနမ်းကို လိုလိုလားလားပင် လက်ခံလိုက်တော့သည်။ သူတို့နှစ်ဦးရဲ့ လူမြင်ကွင်းမှာ နမ်းရှုံ့နေတဲ့ မြင်ကွင်းကို သူ သည်းခံပြီး ကြည့်နေနိုင်စွမ်းမရှိတော့ဘဲ ထ,ထွက်သွားဖို့ ပြင်လိုက်ချိန်မှာ မန်နေဂျာက လှမ်းတားလေသည်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Where stories live. Discover now