[unicode]
"ဖြည်းဖြည်းမောင်းပါ မမငယ်လေးရဲ့... ဒီအချိန် တံတားပေါ်ရောက်ရင်လည်း ကားတွေပိတ်နေမှာပဲကို.."
နွယ်ဦးပြောမှ ကားကို စိတ်လောစွာမောင်းနှင်နေမိသည်ကို သတိထားမိရသည်။ သံလျင်တံတားပေါ် မရောက်ခင်မှာပဲ ကားတွေကတန်းစီနေချေပြီ။ ရုံးဆင်းချိန်နှင့်မှ တည့်တည့်တိုးနေသဖြင့် လွန်းလည်း စိတ်လျှော့လိုက်ရပြီး ကားကိုအရှိန်လျှော့မောင်းလာခဲ့လိုက်သည်။
""ဟေး.....""
လွန်းတို့ကို အော်ဟစ်နှုတ်ဆက်ရင်း ကျော်တက်သွားသည့်ကားကိုကြည့်လိုက်တော့ ရိုက်ကွင်းက စက်အဖွဲ့တွေ။ နွယ်ဦးကလည်း လက်ပြန်ပြရင်း နှုတ်ဆက်နေလေသည်။ လွန်းကတော့ FM က လွှင့်နေသည့် သီချင်းသံလေးကိုနားထောင်ရင်း ဒီညနေအတွက် အစီအစဉ်ဆွဲနေမိသည်။ နွယ်ဦးကို အိမ်ပြန်ပို့ပြီး မ,အိမ်ကိုသွားမည်။ မ,ချက်ကျွေးသည့်ညစာကို အတူစားမည်။ ပြီးလျှင်တော့ အိမ်ကို စောစောပြန်၊ bathtub ထဲ ရေနွေးနွေးလေးဖြင့်စိမ်ကာရေချိုးပြီး နားတော့မည်။ ဒီနေ့ ရိုက်ကွင်းမှာ ပင်ပန်းခဲ့သဖြင့် လူက အတော်လေးပြိုင်းနေပြီလေ။
"🎶.....🎵...🎶....🎵..."📱
contact name ကိုကြည့်လိုက်တော့ မဇင်။
"ဟရို.... မဇင်"
"ဟရိုမနေနဲ့.. လိုအပ်မှ လူကိုသတိရနော် ဒီအတိုင်းကျ ဖုန်းလေးဘာလေးဆက်မယ်မရှိဘူး ဟွန်း..."
လွန်း ရယ်ချင်သွားရသည်။
"ရှင်မေးခိုင်းတဲ့ knife set အကြောင်းမေးပြီးပြီ"
မ,ရဲ့ဆိုင်ဖွင့်ပွဲအမီ လက်ဆောင်ပေးနိုင်ဖို့ မဇင်ရဲ့အသိ Singapore က chef တစ်ယောက်ကို မေးပေးရန် အကူအညီတောင်းထားခဲ့သည်လေ။
"ဟုတ်လား... ဘာတဲ့လဲ"
"သူကတော့ brand တွေ (၄)၊ (၅)မျိုးလောက်ညွှန်းလိုက်တယ်.. တချို့ brand တွေဆို Michelin star chef တွေ သုံးတာတဲ့.. နင်ရွေးလို့ရအောင် သူရှာပေးတဲ့ link တွေပို့ပေးထားမယ်.. ကြည့်လိုက် ပြီးရင်.. ပြန်ပြော"
"အွန်း.. ကြည့်လိုက်မယ်"
"အခုက ဘာလုပ်နေတာလဲ"