[Unicode]
"Cut!..."
"အိုခေတယ်..."director ကြီးရဲ့မှတ်ချက်ကြောင့် ရိုက်ကွင်းတစ်ခုလုံး လက်ခုပ်သံတွေညံသွားသည်။ ဒီ scene တစ်ခုတည်းကိုပဲ တစ်ညနေလုံး ထပ်ခါထပ်ခါရိုက်ခဲ့ကြရသောကြောင့် ဖြစ်သည်။
"ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြရအောင်ဟေ့... မိုးလည်းချုပ်တော့မယ်.."
လွန်းတို့လည်း ပစ္စည်းတွေသိမ်းပြီး အားလုံးကိုနှုတ်ဆက်ကာ အိမ်ပြန်ခဲ့ကြသည်။
"ညကျရင်တော့ စောစောအိပ်မှဖြစ်မယ်ဟာ.. မနေ့ညက အိပ်ရေးမဝတော့ တစ်နေကုန် ခေါင်းကိုက် စိတ်လည်းမကြည်နဲ့ အဆင်မပြေဘူး.."
ပြောရင်း မ,ကိုစိတ်တိုဖို့ သတိရသွားပြန်သည်။ နွယ်ဦးက
"မမငယ်လေးတို့က ဘာလုပ်နေကြလို့ အိပ်ရေးမဝတာလဲ.."
လွန်း နွယ်ဦးရဲ့ ပြုံးစိစိမျက်နှာပေးကို မျက်စောင်းလေးထိုးလိုက်ပြီး
"ရန်ဖြစ်နေရတာဟေ့.. ရန်ဖြစ်နေရတာ..."
"ဪ... ရန်ဖြစ်နေကြလို့ကိုး.."
"နွယ်ဦးမနော်..."
လွန်း,ဟောက်လိုက်မှ နွယ်ဦးက မျက်နှာပိုးသတ်လိုက်ပြီး
"ညက မမငယ်လေး ဖုန်းဆက်တော့ အန်တီက ပြောနေသေးတယ်.. အခုနောက်ပိုင်း မနေရီနဲ့ အရမ်းတွဲတာပဲတဲ့.. တခြားသူငယ်ချင်းတွေအကြောင်းတောင် ပြောသံသိပ်မကြားမိဘူးတဲ့.."
လွန်း စိတ်ဝင်စားသွားပြီး
"နင် ဘာပြန်ပြောလိုက်လဲ..."
"မပြောပါဘူး.. မမကြီးက ပြောတာ"
"ဘာတဲ့လဲ..."
"ဪ... မမငယ်လေးက မနေရီကို ဘယ်လောက်သံယောဇဉ်ကြီးကြောင်း မနေရီကလည်း ဘယ်လိုချစ်ရှာတာဆိုပြီးပေါ့.."
"မေမေ့ကို ပြောပြတာလား.."
"ဟုတ်တယ်.."
"မေမေကရော ဘာပြောသေးလဲ.."
"ဘာမှတော့ပြောဘူး.."
လမ်းမီးပွိုင့်မှ မီးစိမ်းသွားသဖြင့် လွန်းလည်း ကားကိုမောင်းထွက်လာခဲ့လိုက်သည်။