[Unicode]
အသံဗလံတချို့ကြောင့် အိပ်ပျော်နေရာမှနိုးလာပြီး မျက်လုံးဖွင့်ကြည့်တော့ မှန်တင်ခုံနားရပ်နေသည့် မိုခမ်းက
"နိုးသွားပြီလား...မနေရီ ဟီး... မိုခမ်းကြောင့်လေ မနေရီရဲ့ ရေမွှေးပုလင်းပြုတ်ကျသွားတာ"
အိပ်ချင်မူးတူးဖြစ်နေသည့်မျက်လုံးတွေပင် ပြူးကျယ်သွားရပြီး
"ကွဲသွားပြီလား..."
"မကွဲဘူး... မကွဲဘူး မိုခမ်းလည်း ကွဲသွားပြီလားလို့ လန့်သွားတာရော..."
တော်ပါသေးရဲ့ဟု တွေးမိရင်း
"ဘယ်နှစ်နာရီထိုးပြီလဲ..."
"လေးနာရီပဲရှိသေးတယ် ပြန်အိပ်လိုက်ဦး စောသေးတယ် မနေ့ကလည်းပင်ပန်းထားတာရော..."
"ဧည့်သည်တွေအတွက် မနက်စာပြင်ရဦးမယ်လေ..."
"အန်တီနန်းကို မိုခမ်းပဲကူလိုက်ပါ့မယ်... ဆက်အိပ်လိုက်ဦး"
ဆက်အိပ်နေလို့ မဖြစ်ပါ။ မနက်(၆)နာရီလောက်ဆို စျေးကားထွက်မည်လေ။ တော်ကြာနေ သူလေးကို မတွေ့လိုက်ရလျှင်ဖြင့်...။
"မဖြစ်ပါဘူးဟာ အိပ်တာကဘယ်အချိန်အိပ်အိပ်... ဧည့်သည်တွေကစောစောပြန်ရမှာဆိုတော့ မနက်စာမမီမှာစိုးရတယ် ငါရောကူလုပ်ပေးတော့ စောစောပြီးတာပေါ့"
မျက်နှာသစ်ရန် ဆပ်ပြာခြင်းလေးဆွဲပြီး အိမ်နောက်ကရေချိုးခန်းဆီ ထွက်လာခဲ့သည်။ ရေချိုးခန်းဆိုပေမည့် ရိုးရိုးအုတ်ရေကန်ကြီးကို သမံတလင်းခင်း၊ သွပ်မိုးပြီး ဘေးပတ်ပတ်လည်က ဝါးထရံကာထားခြင်းသာ။ အိမ်မှာလာတည်းသည့် ဧည့်သည်တွေအတွက်အဆင်ပြေစေရန် ကျား၊ မ ခွဲပြီး ရေချိုးခန်းနှစ်ခန်းဆောက်ပေးထားသည်။
ညက မိုးတော်တော်ရွာထားခဲ့ဟန်တူသည်။ အိမ်ဝန်းထဲမှာ ရေတချို့တစ်ဝက်အိုင်နေသည်လေ။
"ဟဲ့... ဝေလင်းနဲ့ သီဟရော နိုးပြီလား...."
"နှိုးပြီးပြီ... သူတို့အခန်းတံခါးကိုခေါက်ခဲ့တယ် နိုးပြီပြောတာပဲ"
"သူတို့ကယောက်ျားလေးတွေ... အဝတ်အစားလဲရုံပဲ မြန်တယ် ငါတို့သာ.... မိတ်ကပ်လိမ်းဦး ခေါင်းဖြီးဦးနဲ့ ကြာမှာ ပြီးတော့... ပစ္စည်းတွေလည်းသိမ်းရဦးမယ်..."