[unicode]
"မဟုတ်သေးပါဘူး လွန်းရာ... အရူးမထချင်စမ်းပါနဲ့"
"ငါ.. မနေရီကိုချစ်တာ အရူးထတာမဟုတ်ဘူး သီဟ ပြီးတော့.. ငါတို့ရဲ့ချစ်ခြင်းကို အခုလို ဝေဖန်ပိုင်ခွင့် နင့်မှာ မရှိဘူးနော်..."
"အေး... ငါဆိုတဲ့ကောင်ကလည်း တခြားသူကိစ္စဆို စိတ်ကိုမဝင်စားတာ.. အခုက နင်မို့လို့ ပြောနေရတာ... ငါချစ်ရတဲ့ နင်မို့လို့ကို လက်မခံနိုင်ဖြစ်နေရတာ..."
ပုံမှန်ထက်ကျယ်လောင်သွားသည့် သီဟရဲ့စကားသံကြောင့် ကော်ဖီဆိုင်အတွင်းရှိလူအားလုံးပင် လွန်းတို့ဆီ မသိမသာလှမ်းအကဲခတ်ကြသည်။
"မလိုပါဘူး.. ငါ့ဖြစ်တည်မှုကို ငါကိုယ်တိုင်လက်ခံနိုင်ဖို့ပဲအရေးကြီးတာ..."
အဲ့လိုလက်ခံနိုင်ဖို့ရော လွန်း ဘယ်လောက်ထိအချိန်ယူခဲ့ရသလဲ၊ ဘယ်လောက်ထိစိတ်ပင်ပန်းခဲ့ရသလဲဆိုတာ မည်သူမျှသိမည်မဟုတ်ပါ။
"တော်ပြီဟာ... နင် ဒီကိစ္စပဲပြောနေမယ်ဆိုရင် ငါသွားတော့မယ်.."
နေရာမှထဖို့ပြင်လိုက်တော့ သီဟက လွန်းရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီး
"ငါပြောတာကို နားဝင်စမ်းပါ... အဓိပ္ပာယ်မရှိတာတွေ စိတ်ကူးယဉ်မနေနဲ့ လွန်း.."
လွန်း သီဟရဲ့လက်ထဲကရုန်းထွက်လိုက်ရင်း
"နင်သာ.. နင်နဲ့မဆိုင်တာကို ဝင်မပါစမ်းပါနဲ့"
"မသိဘူးဟာ... ငါ နင့်ကိုချစ်တယ်.. နင့်ကိုပဲလက်ထပ်ချင်တယ်.. နင်လည်း ငါ့ကိုပဲလက်ထပ်ရမယ်.."
"တွေ့လား... တကယ်အရူးထနေတာက နင်"
"ငါပြောပြီးသားနော်... ငါ နင့်ကိုမချစ်ဘူး.. လက်လည်းမထပ်နိုင်ဘူး.. ဖေဖေနဲ့မေမေကိုလည်း အဲ့ကိစ္စပြောပြီးသား.. နင်သာ မိဘတွေချင်း မျက်နှာပျက်ရအောင် ထပ်မလုပ်နဲ့တော့.."သီဟက လွန်းရဲ့မျက်ဝန်းတွေဆီ တည့်တည့်စိုက်ကြည့်လာပြီး မထီမဲ့မြင်ပြုံးလိုက်ရင်း
"နင်နဲ့တွဲနေတာ မိန်းခလေးတစ်ယောက်ဆိုတာကိုတော့ မပြောရသေးဘူးမလား.."
"တကယ်လို့... နင့်မိဘတွေသာ အဲ့အကြောင်းသိသွားခဲ့ကြရင်.."