[Unicode]
"ငါ့သမီး... အမေ့ဝမ်းဆက်က တောများကျနေမလားဟင်"
"မကျပါဘူး..အမေရဲ့ လှပါတယ်"
"ရိုးရိုးကြီးလားလို့..."
"မရိုးပါဘူးဆို.. အမေက ဒီလိုအဆင်လေးတွေနဲ့သိပ်လိုက်တာ.. အမေ့ကိုကြည့်လိုက်ရင် ရင်ထဲအေးချမ်းသွားရော"
"နင့်မျက်လုံးထဲတော့ ဟုတ်မှာပေါ့.. ဟိုက ရန်ကုန်သူတွေဆိုတော့..."
"လှပါတယ်..မိန်းမရ သူတို့က မြို့ကြီးသူအလှဆို ငါ့မိန်းမလည်း တမျိုးလှတာပါပဲ.."
"တော်ကလည်း... ဘယ်တော့မဆို ဒီရှမ်းဘောင်းဘီကြီးနဲ့ပဲ.. ပုဆိုးလေးဘာလေး ဝတ်ပါဦးလား.."
"ဘာဖြစ်လဲဟ.. ကိုယ့်ရိုးရာဝတ်စုံကိုယ်ဝတ်တာပဲ"
"အေးလေ.. အမေကလည်း..."
အမေ့ကိုသာပြောနေတာရယ်။ နေရီကိုယ်တိုင်လည်း မှန်တင်ခုံရှေ့မကြာခဏသွားရပ်ကာ ဝတ်လာသည့်ဝတ်စုံက အဆင်မှပြေရဲ့လားဟု ကြည့်လိုက်ရတာအမော။
"ဒေါက်..ဒေါက်..."
အခန်းတံခါးဖွင့်ပေးလိုက်တော့
"ငါ့ညီမ... နင့်တူကို ခဏထိန်းပေးထားဦး ဟိုမှာ သူ့အမေရေချိုးနေလို့.. ကိုကြီးက ဟိုတယ်အောက်ဆင်းပြီး ကားအဆင်သင့်ပြင်ထားလိုက်တော့မယ်"
ဖိုးဉာဏ်ကို ပွေ့ချီလိုက်ရင်း
"အစ်မက ဘာလို့ ခုမှရေချိုးရတာလဲ.."
"ဒီကောင်လေ.. သူ့အမေရေချိုးခန်းဝင်ခါနီးမှ အင်းအင်းပါမယ်ဆိုလို့ လုပ်ပေးနေရတာနဲ့.."
"အဖေတို့က ပြင်ဆင်လို့ပြီးပြီလား..""အင်း... ပြီးနေပါပြီ ရပါတယ်..အချိန်ကလိုသေးတာပဲ အစ်မကို အေးဆေးလုပ်ဖို့ပြောလိုက်ဦး"
"အေး... သွားပြီ"
"ဟုတ်..."
"ဘဘ..."
"ဗျ..."
"ရုပ်ရုပ်.. ရုပ်ရုပ်"
"ငါ့မြေးက ရုပ်ရုပ်လိုချင်လို့လား... ဘဘ ဝယ်ပေးမှာပေါ့ကွ.."
"အို.... အရုပ်တွေ ဘာလို့ဝယ်ပေးနေဦးမှာလဲ.. အိမ်မှာလည်း အရုပ်တွေများနေပြီကို.. တော့်မြေးကို အလိုလိုက်တာ တော်ရုံပဲကောင်းတယ်နော်.."