[Unicode]
လည်တိုင်ကိုရိုက်ခတ်နေသည့် အသက်ရှူငွေ့နွေးနွေးကြောင့် အိပ်ပျော်နေရာမှ နိုးလာခဲ့ရသည်။ နေရီ့ခါးကိုဖက်တွယ်ကာ ရင်ခွင်ထဲတိုးဝင်အိပ်စက်နေသော ကလေးငယ်။ မြတ်နိုးရလွန်းသဖြင့် ရှန်ပူနံ့သင်းနေသည့် ဆံနွယ်လေးတွေကြား အနမ်းဖွဖွလေးပေးမိရလေသည်။ နံနက်ခင်းတိုင်းကိုသာ ဒီလိုနိုးထခွင့်ရမည်ဆိုလျှင် နေရီ့လောက်ကံကောင်းသူ ဒီကမ္ဘာမှာရှိမည်မထင်။ စောင်လွတ်နေသည့် ပခုံးသားဖွေးဖွေးလေးတွေ အေးနေမည်စိုးသဖြင့် စောင်ကိုအသာဆွဲကာ လုံအောင်ခြုံပေးဖြစ်တော့
"အွန်း..."
လူးလွန့်လာသည့်ခန္ဓာကိုယ်လေးကြောင့်
"နိုးသွားပြီလား... ကလေးလေး"
ပြန်မဖြေဘဲ အကြောစန့်နေပြီးနောက် နေရီ့ရင်ခွင်ထဲကိုပြန်တိုးဝင်အိပ်ပြန်လေသည်။
"အင်း... အိပ်... အိပ်... ကလေးလေး"
ကျောပြင်လေးကို အသာအယာပုတ်ကာ သိပ်လိုက်သည်။
"ဘယ်နှစ်နာရီရှိပြီလဲ...."
နေရီ စားပွဲပေါ်ကနာရီကိုလှမ်းကြည့်ကာ
"(၈)နာရီခွဲပြီးပြီ..."
"ဟင်း.... အိပ်ချင်သေးတယ်..."
တကယ်ကိုအိပ်ချင်မူးတူးအသံလေးဖြင့်ပြောလာသော ကလေးလေးကိုကြည့်ကာ သနားသွားရသည်။
"အိပ်ချင်သေးရင် ပြန်အိပ်လေကလေးရဲ့ လာ... မ,ချော့သိပ်မယ်"
နေရီ့လက်မောင်းပေါ် ခေါင်းအုံးစေပြီး ဆံနွယ်လေးတွေကိုဖွဖွလေးသပ်ပေးရင်း ချော့သိပ်ဖို့ပြင်လိုက်သည်။
"ပွဲတစ်ခုဖိတ်ထားတာရှိတယ်... သွားရဦးမှာ"
မျက်နှာလေးရှုံ့မဲ့မဲ့ဖြင့် ပြောလေသည်။ မျက်လုံးလေးတွေကတော့ မှိတ်လျက်သား။
"ဘယ်အချိန်လဲ..."
"(၁၀)နာရီ..."
"မသွားလို့ မရဘူးလား..."
"ရတော့ရပါတယ်... ဒီအတိုင်း ဧည့်သည်အနေနဲ့ပဲဖိတ်တာဆိုတော့... မျက်နှာသွားပြရုံလောက်ပဲ"