[Unicode]
"မ... ရန်ကုန်လာလည်ပါ"
"လွမ်းလို့.....💔"ဒီ message လေးနှစ်ကြောင်းကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင်ပင် အပြန်ပြန်အလှန်လှန်ဖတ်နေမိသည်မှာ မနေ့ညနေကတည်းက။ အဖေနှင့်အမေဆီဖုန်းဆက်ပြီးနောက် မြတ်လွန်းမီနှင့် viber မှာ စကားပြောဖြစ်ခဲ့သည်။ ခါတိုင်း နေရီက လွမ်းသည့်အကြောင်းတွေပြောလျှင် me too ဟုသာပြန်ပြောတတ်တဲ့သူလေးက လွမ်းလို့ဟု ပထမဦးဆုံးအကြိမ်စပြောလာခြင်း။
"မနေရီ..."
အနားရောက်လာသည့်မိုခမ်းကြောင့် ဖုန်း screen ကိုအမြန်ပိတ်ချလိုက်ရသည်။
"ထမင်းစားဖို့ အခေါ်ခိုင်းလို့..."
"ဪ... အေး.. လာခဲ့မယ်"
ထမင်းစားပွဲမှာ ကိုကြီးက
"နေရီ... မန္တလေးကို ဘယ်တော့ပြန်မှာလဲ"
"အဖေတို့က ပြန်လာစေချင်ပြီထင်တယ်""မသိသေးဘူး... ဒီမှာနေရတာပျော်တယ်"
"ဒီမှာပဲနေနေလို့မဖြစ်ဘူးလေ ငါ့ညီမရယ်... ဟိုကပွဲရုံမှာ နင်ရှိနေတော့ပိုအဆင်ပြေတာပေါ့ အမေ့ကျန်းမာရေးကလည်းရှိသေးတယ်"
"အမေက အခုနေကောင်းနေပါပြီ..."
ကိုကြီးက ဘာမှမပြောတော့ဘဲ လူကိုစိုက်ကြည့်လာသည်။ နေရီ သက်ပြင်းချလိုက်ပြီး
"အိုခေ... နောက်တစ်ပတ်ထဲ ပြန်မယ်"
"အန်တီနန်း..."
"အေး... သားကြီး"
"နေရီပြန်ရင် အန်တီနန်းလိုက်ပို့ပေးလို့ရမလား မိုခမ်းကိုအဖော်ခေါ်သွားပေါ့"
"ရတယ်လေ... သမီးကို အန်တီနန်းလိုက်ပို့ပေးလိုက်မယ်"
နေရီ စိတ်ကုန်သဖြင့် ဘာမှပြောမနေတော့ဘဲ ထမင်းကိုသာဆက်စားနေလိုက်သည်။ ဒီအသက်အရွယ်ပင်ရောက်နေပြီ။ အခုထိ ဟိုနားစိတ်မချ ဒီနားစိတ်မချ ဖြစ်နေကြတုန်း။ ထမင်းစားပြီးနောက် ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိသဖြင့် စာအုပ်တစ်အုပ်ယူကာ ခြံဝန်းထဲကသစ်ပင်ရိပ်အောက်မှာထိုင်ဖြစ်သည်။
နေရီတို့ စီးပွားရေးတက္ကသိုလ်ကနေဘွဲ့ရပြီးနောက် သူငယ်ချင်းတွေအားလုံးလိုလိုက ရန်ကုန်က ကုမ္ပဏီတွေ၊ ဘဏ်တွေမှာ ကိုယ်စီအလုပ်ဝင်ကြသည်။ နေရီလည်း သူငယ်ချင်းတွေနည်းတူ ရန်ကုန်လိုနေရာမျိုးမှာ အလုပ်လုပ်ချင်ခဲ့သည်။ နယ်မှာထက်စာလျှင် အစစအရာရာတိုးတက်နေသည့်နေရာမှာ သင်တန်းပေါင်းစုံတက်နိုင်ပြီး မျက်စိပွင့် နားပွင့်ဖြင့် ခေတ်နှင့်အညီ ဘဝတက်လမ်းကိုရှာဖွေနိုင်သည် မဟုတ်လား။ မိဘတွေနှင့်ကိုကြီး၏ စိတ်မချဘူးဆိုသည့် စကားတစ်ခွန်းဖြင့် နေရီတစ်ယောက် အဖေ့ပွဲရုံမှာပဲသောင်တင်ခဲ့ရသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က အမေ့ကျန်းမာရေး အနည်းငယ်ချူချာခဲ့သည်။ သမားတော်ကြီးတွေကတော့ နှလုံးအားနည်းသည်ဟုဆိုသည်။ ထိုအချိန်မှစ၍ အမေ့ကျန်းမာရေးအကြောင်းပြုကာ နေရီ့ရဲ့ ရန်ကုန်အိပ်မက်လည်း တစ်ခန်းရပ်သွားခဲ့ရသည်။ အခုတော့ အမေလည်း ကျန်းမာရေးပြန်ကောင်းနေပါပြီ။