[Unicode]
"ကျွတ်.... ဒီနေ့မှပဲ ကားတွေကပိုပိတ်နေသလိုပဲကွာ..."
ကားစတီယာရင်ကို လက်ဖြင့်ပုတ်လိုက်ရင်း နေရီ စိတ်ရှုပ်စွာညည်းမိသည်။ ဘယ်နှစ်ကြိမ်မြောက်ကြည့်မိမှန်းမသိသည့်နာရီကို နောက်တစ်ကြိမ်ထပ်ကြည့်မိရပြန်သည်။ နောက်(၁၀)မိနစ်လောက်ဆို လေယာဉ်ဆိုက်ရော့မည်။ နေရီက ခုမှ ဟိုတယ်ကထွက်လာခါစ။ ဒီလိုလမ်းပိတ်ပုံမျိုးဖြင့် (၁၀)မိနစ်အတွင်း လေဆိပ်ကိုအရောက်မောင်းဖို့က ဘယ်လိုနည်းနှင့်မှမဖြစ်နိုင်။ နောက်ကျလို့ကတော့ ဟိုကလေးနှင့် ကောက်တော်မူဇာတ်ကရတော့မည်မှာ အသေအချာ။
ကားဘီးကို တစ်လှိမ့်ချင်းလှိမ့်နေရသည့်အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ရှည်သည်းခံရန်ဆုံးမရင်း ဝတ်ထားသည့်အကျႌနှင့် ဆံပင်တို့ကို နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ အနံ့ခံကြည့်မိသည်။ သေချာတာပေါ့။ ထင်သည့်အတိုင်း ဟင်းနံ့ပေါင်းစုံက ဆွတ်ထားသည့်ရေမွှေးနံ့ကိုပင် လွှမ်းခြုံနေလေသည်။ အထူးသဖြင့် onion soup ရဲ့အနံ့က သိသိသာသာ။ တကယ်ဆို ဒီနေ့ကို အလုပ်ကနေ ဒီ့ထက်စောစောထွက်လာနိုင်ခဲ့မယ်ထင်ထားတာ။ အလုပ်ဆင်း အိမ်ပြန်ရေမိုးချိုးပြီးမှ လေဆိပ်သွားကြိုမည်ပေါ့။ မထင်မှတ်ဘဲ ပြင်သစ်သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ နေ့လယ်စာသုံးဆောင်ဖို့ ဆိုင်ကိုရောက်လာကြသည်။ ဆိုင်ရဲ့ ပြင်သစ်လူမျိုးစားဖိုမှူးကြီးကိုယ်တိုင် ချက်ပြုတ်တည်ခင်းနေလေတော့ နေရီတို့စားဖိုမှူးပေါက်စတွေခမျာမှာ ပျာယာကိုခတ်လို့ပဲ။ ဒါကြောင့် နေရီလည်း ပုံမှန်အလုပ်ပြီးချိန်ထက်နောက်ကျမှ ထွက်လာခဲ့ရခြင်းဖြစ်လေသည်။
"🎶.....🎵...🎶....🎵..."📱
ဖုန်း screen ကိုကြည့်လိုက်ပြီး
"ဟယ်လို... ကလေး ရောက်ပြီလား"
"ရောက်ပြီလေ... မ,က ဘယ်မှာလဲ ရှာမတွေ့လို့..."
"ဟိုလေ... ကလေး မ,က အခုလမ်းမှာပဲရှိသေးတယ် ကားပိတ်နေလို့ ဒါမယ့်... ရောက်တော့မှာ အခုရောက်ခါနီးပြီ... အာ့... ခဏလေးစောင့်ပေးနော်"
"အာ..... လုပ်ပြီကွာ"
"ခဏလေးပဲစောင့်ပါ... မ,လာနေပြီနော် တစ်ဆိုင်ဆိုင်မှာ ကော်ဖီလေးဘာလေးသောက်ရင်း စောင့်ရင်စောင့်လေနော်... ကလေး... နော်..."