[Unicode]
"သင်တန်းကနေ အိမ်ပြန်ဖို့ကျတော့ ဒီမှတ်တိုင်ကနေစီးရုံပဲ အဲ့ဒါဆို... (၅)မှတ်တိုင်ပဲစီးရမယ်"
"သင်တန်းကိုလာတဲ့အခါကျတော့ အနော်ရထာလမ်းကမှတ်တိုင်မှာပဲ ဆင်းရမှာပေါ့..."
"အေး... လမ်းတော့နည်းနည်းလျှောက်ရတာပေါ့ အဲ့ဒါအနီးဆုံးမှတ်တိုင်ပဲ"
ဒီနေ့ ရုံးပိတ်ရက်ဖြစ်သဖြင့် မသက်က နေရီ့ကို သင်တန်းလိုက်အပ်ပေးပြီး ဘတ်စ်ကားစီးရမည့်လမ်းကြောင်းတွေ လိုက်ပြပေးနေခြင်းဖြစ်သည်။
"ရှုပ်နေတာပဲနော်... ငါတို့မန္တလေးမှာဆို ဘယ်နေရာဖြစ်ဖြစ် ဆိုင်ကယ်နဲ့လှိမ့်လိုက်ရုံပဲ..."
ဘတ်စ်ကားစီးလျှင် ခေါင်းမူးတတ်သည့်နေရီ့အတွက်တော့ ရန်ကုန်မြို့ဟာ တကယ်ပင်စိတ်ရှုပ်စရာကောင်းလှပါသည်။ ဘယ်သွားသွား taxi စီးဖို့ကျတော့လည်း ကားခကစျေးကြီးသည်မဟုတ်လား။ ကျောင်းပြီးခါစ ရန်ကုန်မှာအလုပ်လုပ်ချင်လွန်းခဲ့သည့်နေရီ အဲ့တုန်းက သွားခွင့်မပြုခဲ့သည့်မိဘတွေကို ဒီတစ်ကြိမ်တော့ စိတ်ထဲကကျိတ်၍ကျေးဇူးတင်လိုက်မိသည်။ အခုလည်း မြတ်လွန်းမီဆိုသည့်ကလေးလေးကြောင့်သာမဟုတ်လျှင် ဟင်းချက်သင်တန်းကို မန္တလေးမှာသာတက်ဖြစ်မည်မလွဲပေ။
"မင်းရဲ့သင်တန်းက အကုန်အဆင်ပြေသားပဲ အိမ်နဲ့လည်းသိပ်မဝေးဘူး... သွားရလာရလည်းမခက်ဘူး... ပြီးတော့ သင်တန်းနားမှာလည်း အစားအသောက်အတွက် ဆိုင်တွေအစုံရှိတယ်ရော... မျက်နှာချင်းဆိုင်ကကော်ဖီဆိုင် မျက်စောင်းထိုးမှာက ကြေးအိုးဆိုင် ဘေးကပ်လျက်ကလမ်းထဲမှာ ဟော့ပေါ့ဆိုင် ဟော... ဟိုက shopping mall ထဲမှာလည်း အစုံရတယ်... သင်တန်းတက်တဲ့နေ့ မနက်စာရော နေလယ်စာရော ပူစရာမလိုဘူး"
မသက်က စိတ်ရှည်လက်ရှည်ဖြင့် သင်တန်းနားတစ်ဝိုက် လမ်းလျှောက်ရင်း နေရာစုံလိုက်ပြပေးသည်။ ကြာတော့ နေရီ သူငယ်ချင်းဖြစ်သူကို အားနာလာရသည်။
"အစမို့ပါ... နောက်ကျ လမ်းကျွမ်းသွားရင် ငါတော့ မင်းကို ဘယ်လိုက်ဖမ်းရမလဲမသိဖြစ်တော့မှာ..."
"ငါ အဲ့လောက်ကြီးတော့လည်း မဆိုးလောက်ပါဘူးနော်... လောလောဆယ် လမ်းလျှောက်ရတာရော... လမ်းတွေ နေရာတွေမှတ်ရတာရော... မောလာပြီ ဗိုက်လည်းဆာတယ်... တစ်ခုခုစားရအောင်"