[Unicode]
ဟင်းပွဲတွေကို သေချာထုပ်ပိုးပြီး kitchen ထဲမှထွက်ကာ မေထိုင်နေသည့် စားပွဲဝိုင်းမှာတင်လိုက်ရင်း
"ရပြီ... စောင့်ရတာကြာသွားလား"
"မကြာပါဘူး.."
"နေက chef ဝတ်စုံနဲ့ တော်တော်လိုက်တာပဲနော်.. သန့်သန့်လေးနဲ့ ချောချောလေး"မေ့စကားကြောင့် အနည်းငယ်ရှက်သလိုဖြစ်မိပေမယ့် စိတ်ထဲကျေနပ်မိသည်ကိုတော့ ဝန်ခံရပါမည်။
"ဟင်းတွေ အများကြီးထည့်ပေးတာလား.. အမေက အဲ့လောက်မစားနိုင်တာ သိရဲ့နဲ့"
"သိပ်မများပါဘူး.. အန်တီ့အတွက်တင်မဟုတ်ဘူးလေ.. မေနဲ့ သီရိတို့လည်းစားဖို့"
"နောက်မှ အမေ့ကိုခေါ်ပြီး ဆိုင်မှာလာစားဦးမယ်.. နေချက်ကျွေးတာတွေ အလကားစားနေရတာများပြီ"
"ဆိုင်မှာလာစားလည်း အလကားပဲကျွေးမှာပါ.. အန်တီ့ကို စျေးရောင်းစရာလား"
မေက ပြုံးလေသည်။
"ဟင်းတွေလည်းရပြီဆိုတော့ ပြန်တော့မယ်နော်.. နေလည်း အလုပ်တွေရှိသေးတယ်မလား"
ခေါင်းညိတ်ပြလိုက်ရင်း
"taxi နဲ့ ပြန်မှာလား"
"အင်း.."
မေ့မှာက စျေးဝယ်လာသည့်အိတ်တစ်အိတ်လည်းပါနေတော့ နေရီကပဲ ဟင်းဘူးတွေထည့်ထားသည့်အထုပ်ကို ကူဆွဲပေးပြီး ဆိုင်ရှေ့ကိုထွက်ခဲ့လိုက်သည်။
taxi စောင့်ဖို့ ဆိုင်ရှေ့မှာရပ်ကာ လမ်းမပေါ်ကိုကြည့်လိုက်သည်ဆိုလျှင်ပဲ မလှမ်းမကမ်းမှာ သူလေးရဲ့ကားကို တွေ့လိုက်ရတော့သည်။ ပြဿနာတော့ တက်လေပြီ။ တဖြည်းဖြည်းနီးကပ်လာသည့်ကားကိုကြည့်ရင်း နေရီ့စိတ်ထဲ ယောက်ယက်ခတ်နေမိသည်။ ကားက နေရီတို့ရပ်နေသည့်ဘေးမှ ကပ်မောင်းပြီး ဆိုင်ထဲဝင်သွားရသော်လည်း သူလေးက နေရီတို့နှစ်ယောက်ကို တစ်ချက်မျှပင် ငဲ့ကြည့်မသွား။
ဆိုင်ထဲဝင်သွားသည့်ချစ်သူကို လည်ပြန်ကြည့်ရင်း သက်ပြင်းမောကြီးသာ ချလိုက်မိသည်။ နားလည်ပေးတတ်သူမှန်းသိသော်လည်း အထင်လွဲခံရနိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်လေ။ မေ့လက်ထဲ ဟင်းဘူးထုပ်ကြီးထည့်ပေးခဲ့ပြီး ဆိုင်ထဲပြန်ဝင်ရအောင်ကလည်း ရုပ်ပျက်လှသည်မဟုတ်လား။ မတတ်နိုင်ပေ။ ပြီးမှပဲ ကျေနပ်သည်ထိ ရှင်းပြရပေတော့မည်။ ဒီနေ့မှ taxi တွေကလည်း ရှားပါးလှပါဘိ။