[Unicode]
"ကျနော် ဆော့စ်စပ်တာ ငံပြာရည်နည်းနည်းများသွားတာဗျာ... အဲ့ဒါ ဆရာက မင်းဟာက ငါးခူမွကြော်သုပ်မဟုတ်တော့ဘူး ငါးခြောက်မွကြော်သုပ်ဖြစ်နေပြီဆိုပြီး ဒေါသတွေထွက်နေတာ"
"အေးလေ... နင်ကလည်း ဆော့စ်တွေဘာလို့အကုန်လောင်းထည့်လိုက်လဲ..."
"မြည်းမကြည့်လိုက်မိတာ ဒါမယ့်... ကျနော် သံပုရာသီးတစ်ခြမ်းရယ် သကြားနည်နည်းရယ်ထပ်ထည့်လိုက်တာ အခု အိုခေသွားပါပြီ"
"ဖိုးချမ်းရယ်... နင်ဟာလေ လုပ်လိုက်ရင်"
"ကျနော်လည်း တလွဲတွေလုပ်လွန်းလို့ ဆရာ ဘယ်နေ့ ဓားနဲ့ခုတ်မလဲမသိဘူးလို့တွေးနေတာ... ဟား... ဟား..."
နေရီတို့လည်း လိုက်ရယ်မိကြသည်။ ထိုစဉ် မြတ်လွန်းမီတို့ရုံးက photographer ဆိုသည့်အစ်ကိုကြီး ကော်ဖီဆိုင်ထဲဝင်လာသဖြင့် မြတ်လွန်းမီများပါလေမလားမျှော်လင့်ချက်ဖြင့် မျက်လုံးကစားကာရှာလိုက်မိသည်။ ဖြူဝတ်လွှာက နေရီကြည့်နေသည့်ဘက်ကို လိုက်ကြည့်ပြီး
"ဟယ်..... ကိုကြီးအောင်ခန့်"
ဖြူဝတ်လွှာခေါ်လိုက်မှ နေရီလည်း ထိုလူရဲ့နာမည်ကို ပြန်သတိရတော့သည်။
"ဝတ်လွှာ..."
"မတွေ့တာကြာပြီ လာ..လာ... ကိုကြီး ဒီမှာထိုင်"
ဒီတော့မှ ကိုအောင်ခန့်က နေရီ့ကိုမြင်သွားပြီး
"ဪ... ညီမလေး"
"ဟုတ်... ထိုင်လေ ကိုအောင်ခန့်"
ကိုအောင်ခန့်က ဖိုးချမ်းဘေးကခုံမှာ ဝင်ထိုင်လိုက်သည်။
"မနေရီနဲ့ ကိုကြီးက သိနေကြတာလား..."
"ဒီကိုကြီးက အရင်တုန်းက သမီးတို့ဘေးအိမ်မှာနေတာလေ... သမီးအစ်မနဲ့ဆို သူငယ်ချင်းအရင်းခေါက်ခေါက်တွေ... အခုတော့ လမ်းမတော်ဘက်မှာနေတယ်""အေး... နင့်အစ်မရော... နေပြည်တော်မှာပဲလား"
"ဟုတ်တယ်လေ... အရင်တစ်ပတ်ပိတ်ရက်ကတောင် အိမ်ပြန်လာသေးတယ်"
"ကိုကြီးလည်း အိမ်လာလည်ဦး... ကြီးကြီးတို့ရော နေကောင်းကြတယ်မလား"