(၁၃)

9K 610 13
                                    

[Unicode]

"တီ..တီ..တီ..တီ.... တီ..တီ..တီ..တီ...."
"တီ..တီ..တီ..တီ.... တီ..တီ..တီ..တီ...." ⏰

အဆက်မပြတ်မြည်နေသည့်အသံကြောင့် အိပ်ပျော်နေရာမှနိုးလာခဲ့ရသည်။ နေရီ မျက်လုံးတွေကိုလက်ဖြင့်ပွတ်သပ်ပြီး မနည်းအားယူဖွင့်ကာ စာကြည့်စားပွဲပေါ်ကနာရီကို alarm ပိတ်လိုက်တော့မှပဲ နားငြီးသက်သာတော့သည်။ ညက စာဖတ်တာ ညဉ့်နက်သွားသဖြင့် အိပ်ရေးကမဝချင်သေး။

"ဝှါး............"

အိပ်ရာမှထပြီး ခန်းဆီးလိုက်ကာကိုဆွဲဖွင့်လိုက်တော့ မနက်ခင်းရဲ့နေရောင်ခြည်က အိပ်ခန်းတွင်းဖြာကျလာသည်။ နံရံတစ်ဖက်အပြည့် မှန်တွေနှင့်သာကာထားသဖြင့် အခန်းတစ်ခုလုံးလင်းကျင်းသွားတော့ အိပ်ချင်မူးတူးဖြစ်နေသည့်စိတ်လေးပင် ကြည်လင်သွားရသည်။ ဧည့်ခန်းကလိုက်ကာတွေကိုပါထပ်ဖွင့်ပြီး မျက်နှာသစ်ကာ မီးဖိုခန်းထဲဝင်ခဲ့လိုက်သည်။

ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်မှ ဒီတစ်ပတ်စျေးမဝယ်ရသေးတာ သတိရမိသွားသည်။ အပြင်လည်းမထွက်ချင်သဖြင့် လက်ကျန်ကြက်ဥ(၂)လုံးကိုသာ ကြော်စားရပေတော့မည်။ ကြက်ဥကို ဆားနှင့်ငရုတ်ကောင်းအနည်းငယ် ထည့်ခေါက်ပြီးကြော်လိုက်သည်။ mozzarella cheese တွေ့သဖြင့် အနည်းငယ်ခြစ်ထည့်လိုက်ပြန်သည်။ ပြတင်းပေါက်မှာချိတ်ဆွဲပြီးစိုက်ပျိုးထားသည့် herb garden ကနေ ကြက်သွန်မြိတ်အနည်းငယ်ဖြတ်ယူပြီး ရေဆေးကာခပ်နုပ်နုပ်လှီး၍ အပေါ်ကနေဖြူးလိုက်သည်။

ကော်ဖီစေ့တွေကို grinder ထဲထည့်ကြိတ်ပြီးနောက် ကော်ဖီစက်မှာ espresso တစ်ခွက်ချလိုက်သည်။ နွားနို့ကိုအပူပေး၊ အမြှုပ်ရိုက်ပြီး espresso ထဲလောင်းထည့်လိုက်တော့ latte တစ်ခွက်ရပြီ။ ကော်ဖီခွက်နှင့် ကြက်ဥကြော်ပန်းကန်ကိုကိုင်ကာ အိမ်အပြင်ဘက်စားပွဲဝိုင်းလေးဆီ ထွက်လာခဲ့လိုက်သည်။

တစ်ယောက်တည်းမနက်စာစားနေရင်း ဒီတိုက်ခန်းလေးကိုဝယ်ယူဖြစ်ခဲ့သည့်အကြောင်းတွေးပြီး ကျေနပ်နေမိသည်။ ရန်ကုန်မှာ ဒီလို(၆)လွှာတိုက်၏အပေါ်ဆုံးထပ်က ဒါဘာတိုက်ခန်းမျိုးကို နေချင်သူဟူ၍ သိပ်ရှိလှမည်မထင်ချေ။ နေရီကတော့ ဒီလိုနေရာမျိုးကိုမှ သဘောကျနှစ်သက်သူ။ အပေါ်ဆုံးထပ်ကို အောက်ထပ်တွေလို နှစ်ခန်းတွဲမဆောက်ထားဘဲ တစ်ထပ်လုံးမှာမှ တစ်ခန်းပဲဖွဲ့ဆောက်ခဲ့သည့် မူလအိမ်ရှင်၏ ideaကို ကျေးဇူးပင်တင်မိသည်။ အခန်းလေးက အနည်းငယ်ကျဉ်းသော်လည်း သပ်သပ်ရပ်ရပ်ရှိလှသည်။ နေရီအကြိုက်ဆုံးက တိုက်ခန်းအပြင်ဘက်မှ ကျယ်ကျယ်ပြန့်ပြန့်ရှိလှသည့်ဝရန်တာ။ ဝယ်ကာစကဆို အပေါ်ဆုံးထပ်လည်းဖြစ်၊ တိုက်ခန်းကလွဲလျှင် အမိုးအကာမရှိသည့် ကွန်ကရစ်ခင်းဟင်းလင်းပြင်ဝရန်တာမှာ ရန်ကုန်နေ၏အစွမ်းဖြင့် ခြောက်ကပ်ပူလောင်လျှက် နေချင်စဖွယ်တစ်စက်မျှပင်မရှိခဲ့။ ထို့ကြောင့်ပဲ စျေးသက်သက်သာသာဖြင့် ဝယ်လို့ရခဲ့သည်လေ။ နောက်ပိုင်း နိုင်ငံခြားက rooftop garden လေးတွေလိုပုံစံကိုအတုခိုးပြီး ဝရန်တာအပြည့်သစ်ပင်ပန်းပင်လေးတွေဖြည့်လိုက်ရင်း တိုက်ခန်းလေးကိုပြင်လိုက်ရင်းဖြင့် တဖြည်းဖြည်းချင်းပုံစံပြောင်းယူခဲ့ရသည်။ အပျံစားကြီးမဟုတ်ပေမယ့် ကိုယ်နိုင်သည့် budget လေးဖြင့် အတတ်နိုင်ဆုံးပြင်ဆင်ယူခဲ့တော့ စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်းဖြင့် နေချင်စဖွယ်တိုက်ခန်းလေးတော့ဖြစ်လာခဲ့သည်။

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now