[Unicode]
ကင်မရာမီးတဖျတ်ဖျတ်ကြား pose အမျိုးမျိုးပြောင်းပေးနေသည့် model နှစ်ယောက်ကိုကြည့်ရင်း လွန်းစိတ်ထဲ တစ်ခုခုအဆင်မပြေသလိုဖြစ်လာသည်။
"ခဏလေး..."
လွန်းပြောလိုက်သည်နှင့် shoot တစ်ခုလုံးငြိမ်သွားပြီး ဘာလိုပြန်ပြီလဲဆိုသည့်အကြည့်တွေဖြင့် အားလုံးက လွန်းကိုကြည့်ကြလေသည်။
"မလဲ့..."
"အေး... လွန်းလေးပြော ဘာအဆင်မပြေလဲ"
"model မလေးရဲ့ hair style က အပြောင်သိမ်းလိုက်ရင် ပိုသွက်သွားမလားလို့... ဒီလိုလေ"
"အင်း.... ဟုတ်တယ်နော်"
"ပြီးတော့ နှုတ်ခမ်းနီ... ဒီ့ထက်ရင့်ပေး"
"ဟွန့်... ခုနတော့ သူပဲ ဒီ color မရ,ရအောင်စပ်ခိုင်းပြီး "
"sorry ပါ... မလဲ့ရယ် အခုကြည့်ရင်းနဲ့မှ အဲ့လိုလုပ်လိုက်ရင်ပိုလိုက်မလားလို့ပဲ"
"မရပါဘူး... ဒီနေ့ လွန်းစိတ်တိုင်းမကျသမျှ ဒဏ်အခံရဆုံးက မလဲ့ပါနော်... ညနေကျ ဦးပိန်မှာအကြော်ကျွေးရမယ်"
"ဟုတ်တယ်... ဒီနေ့ လွန်း အရမ်းဂျီးများတယ် ကျနော်တို့ location (၅)နေရာရွေးထားတာ... နောက်နှစ်နေရာကျန်သေးတယ် အချိန်ကသိပ်မရှိတော့ဘူးနော်"
photographer ပြောမှ လွန်း နာရီကြည့်မိသည်။ ညနေ(၄)နာရီပင်ထိုးတော့မည်။ မနက်ကတည်းက ထမင်းစားချိန်ခဏပဲနားပြီး တောက်လျှောက်ရိုက်လာခဲ့ကြတာ။ အဖွဲ့သားတွေလည်း ပင်ပန်းနေကြရော့မည်။ အထူးသဖြင့် model နှစ်ယောက်ခမျာ မန္တလေးရဲ့အပူဒဏ်အောက်မှာ လွန်းဆင်ပေးသည့်ဝတ်စုံတွေ ထူသည်ဖြစ်စေ ပါးသည်ဖြစ်စေ တစ်ချက်ကလေးမညည်းညူဘဲ လွန်းတို့လိုချင်သည့်ပုံစံဝင်အောင် ကြိုးစားရိုက်ပေးကြရှာသည်။ ကျန်သည့် location နှစ်နေရာစလုံးရိုက်ဖို့ ဘယ်လိုမှအဆင်မပြေနိုင်တော့သည့်အဆုံး တစ်နေရာကိုပဲရွေးဖို့ လွန်းဆုံးဖြတ်လိုက်ရသည်။
"မတတ်နိုင်တော့ဘူး... နောက် location ကို skip လိုက်ရအောင်... ဒါပြီးတာနဲ့ ဦးပိန်တံတားကိုပဲ သွားကြမယ်... အဲ့က sunset မမှီလို့မဖြစ်ဘူး"