[Unicode]
နေရီတစ်ယောက် မနက်စောစောကတည်းက မီးဖိုခန်းထဲဝင်ကာ ချက်ပြုတ်ရင်းအလုပ်ရှုပ်နေရသည်။ အကြောင်းရင်းကတော့ ချစ်ရသည့်ကလေးလေး အအေးမိပြီးဖျားနေသည်တဲ့လေ။ သာမန်အဖျားရောဂါသေးသေးလေးဆိုသော်လည်း ချစ်ရသူတို့ထုံးစံအတိုင်း စိတ်တွေပူပြီး နေမထိထိုင်မသာဖြစ်ရရှာသည်မဟုတ်ပါလား။ ကိုယ်တိုင်ကလည်း စားဖိုမှူးတစ်ယောက်ဆိုတော့ နေမကောင်းချိန် အာဟာရဖြစ်စေမည့်အစားအစာလေးတွေ ချက်ကျွေးလိုသည့်ဆန္ဒလေးဖြစ်မိသည်ပေါ့။
ဗမာကြက်တစ်ကောင်လုံးကို (၄)ပိုင်းပိုင်းပြီး အရသာနယ်ကာနှပ်ထားလိုက်သည်။ ဂျင်းတက်ကိုအခွံသင် ခပ်ပါးပါးအဝိုင်းလေးတွေဖြစ်အောင်လှီးလိုက်ပြီးနောက် ကြက်သွန်ဖြူဥကြီး(၄)(၅)လုံးခန့်က်ို အပြင်ကအပေါ်ယံအခွံတွေပဲခွာကာ ဥလိုက်ရေဆေးပြီး ကြက်သားအိုးထဲပစ်ထည့်လိုက်သည်။ အအေးမိတာသက်သာစေရန် ဂျင်းနှင့် ကြက်သွန်ဖြူကို ပုံမှန်ထက်ကဲထည့်ထားခြင်းဖြစ်သည်။ ရေကိုကြက်သားမြုပ်ရုံထည့်လိုက်ပြီး ပေါင်းအိုးအဖုံးအုပ်ကာ မီးဖိုပေါ်တင်ထားလိုက်သည်။ တွဲဖက်စားမည့် အသီးအရွက်တချို့ကိုသင်ပြီး ရေစင်အောင်ဆေးကာ ရေနွေးဖျောဖို့ပြင်ထားလိုက်သည်။ ခေါက်ဆွဲလေးကိုတော့ နောက်ဆုံးမှဖျောမည်။ ကလေးလေးကြိုက်သည့် ငုံးဥလေးတွေကတော့ မပါမဖြစ်ဆိုတော့ ပြုတ်ကာအခွံပင်ခွာပြီးနေပြီ။ ကြက်သားနူးမည့်အချိန်ကိုစောင့်ရင်း နေရီလည်း ရေချိုးဖို့ပြင်လိုက်သည်။
အိမ်ရှေ့ထိရောက်လာခဲ့ပြီးမှ အိမ်ထဲဝင်ဖို့တွန့်ဆုတ်နေမိသည့်စိတ်ကို အားတင်းလိုက်ရင်း ခြံဝက bell ကို စိတ်လှုပ်ရှားစွာဖြင့်နှိပ်လိုက်သည်။ ခဏအကြာ အိမ်ထဲမှ ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်ထွက်လာပြီး
"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိဘူးရှင့်"
"ဪ... အစ်မက လွန်းရဲ့သူငယ်ချင်းပါ လွန်းနဲ့တွေ့ချင်လို့..."
ကောင်မလေးက နောက်ပြန်လှည့်ကာ
"အန်တီ... မမငယ်လေးရဲ့သူငယ်ချင်းတဲ့"
"ဟဲ့... အဲ့ဒါဆို တံခါးဖွင့်ပေးလိုက်လေ ငါ့ကိုပြန်ပြောနေသေးတယ် အားနာစရာဖြစ်အောင်..."