အပိုင်း-(၂)

31.9K 3.3K 188
                                    


 
၂၀၁၂ ခုနှစ် ..
 
"သံယာ...."
 
"ဗျာ...မေမေ"
 
ဧည့်ခန်း Sofa တွင် အလုပ်ခိုင်းမည်စိုး၍ စာဖတ်ဟန်ဆောင်နေကာမှ မီးဖိုခန်းထဲက မေမေဟာ အမှာတော်ပါးပေပြီ။
 
"ဟိုဖက်အိမ်ကို အုန်းနို့ခေါက်ဆွဲသွားပို့လိုက်အုံး"
 
"မေမေကလဲ သားစာကျက်နေတယ်လေ....ကိုဝနကို ပို့ခိုင်းလိုက်"
 
"အပိုလုပ်မနေနဲ့ သံယာ...မေမေက သွားဆိုသွား။ မင်းစာကျက်နေတာ မဟုတ်ဘဲနဲ့....ဟိုဖက်အိမ်မှာ မာန်လေးလည်း ရှိတယ်၊ အဖော်ရတာပေါ့ "
 
"သား အဲ့ကောင်နဲ့ မတည့်ဘူး"
 
အုန်းနို့ခေါက်ဆွဲထည့်ထားသော ငါးဆင့်ချိုင့်ကို သေချာစွာ ဆွဲကိုင်၍ မေမေက သူထိုင်နေရာ ဆိုဖာရှေ့ လျှောက်လာသည်။
 
"ဘယ်တည့်မှာလဲ...? စာအုပ်ကြီးတကားကားနဲ့ ဆရာကြီးဒီဇိုင်းလုပ်နေတာကို မင်းက၊ တစ်ဖက်အိမ်မှာ သူငယ်ချင်းရှိနေတာကို သွားဆော့မယ်မရှိဘူး။ ငယ်တုန်းရွယ်တုန်းပဲဆော့ရတာ....သွား သွား"
 
"မေမေကဗျာ...."
 
ထပ်ပြောလျှင် "မာန်လေးက သူ့အကိုရှိတယ် ၊ နင်က တစ်ကောင်ကြွက်" ဆိုသလိုမျိုး လာတော့မည်မို့ ငါးဆင့်ချိုင့်ကို ဆောင့်ဆောင့်အောင့်အောင့်ဆွဲ၍သာ အိမ်ပြင်ထွက်လာခဲ့တော့သည်။ သူအမြဲ ဂုဏ်ယူနေရသည့် " တစ်ဦးတည်းသောသား" ဂုဏ်ပုဒ်က မေမေနဲ့ကျမှ "တစ်ကောင်ကြွက်"ဟူ၍ အနှိမ်ခံရသည်။
 
ဆေးအဖြူသုတ်ထားသော သူတို့တိုက်နှင့် ခပ်ဆင်ဆင် သုံးထပ်တိုက်အိမ်ကြီးကို ခြံဝင်းအပြင်မှသာ စူးစိုက်ကြည့်နေလိုက်သည်။ အထဲမဝင်ချင်သောကြောင့် ခြံထဲမှ တစ်ယောက်ယောက်ထွက်လာနိုးမျှော်လင့်နေသော်ငြား ခွေးတစ်ကောင်၊ ကြောင်တစ်မြှီးမျှ မတွေ့ရသည့်အပြင် မိမိတို့ အိမ်ဝရံတာပေါ်မှ မေမေက "ဝင်သွားလိုက်လေ" ဟူ၍ လက်ကို စောင်းပြနေသည်။
 
တစ်ယောက်တည်း မွေးထားပြီးရင်လည်း တစ်ယောက်တည်း ထားပါ့လား။
ဘယ်လိုဖြစ်လို့ သူများသားသမီးနဲ့ အတင်းသူငယ်ချင်းလုပ်ခိုင်းနေရတာလဲ မသိ။
 
______________
 
သူ့ဘောင်းဘီတိုအဖြူရောင်လေးကို တစ်ချက်ဆွဲတင်၍ အံတင်းတင်းကြိတ်ကာ တစ်ဖက်ခြံဝန်းထဲသို့ ဝင်သွားသော အရပ်ရှည်ရှည် ၊ အသားဖြူဖြူ သားတော်မောင်ကို ဒေါ်ယွန်းသက်မြ ပြုံးကြည့်နေမိသည်။ တစ်နေကုန် ဗီဒီယို ကြည့်လိုက်၊ စာဖတ်လိုက် နှင့် အပျင်းကြောဆွဲနေသည့် ကောင်လေးက ကြာလျှင် ရောဂါတစ်မျိုးပင် စွဲကပ်နိုင်သည်ဟု သူမထင်သည်။ ရှိသည့် သူငယ်ချင်း အနည်းအကျဉ်းကလည်း တစ်နယ်တစ်ခြားစီ၊ မာန်လေးတစ်ယောက်သာ မိမိတို့ အိမ်ကပ်လျက်တွင် ရှိသည်။
 
မာန်နှင့် သားက အသက်ဆယ်နှစ်ကတည်းက ကံဆုံခဲ့ကြသော်လည်း ဘယ်သောအခါမှ မတည့်ဘဲ အမြဲကြောင်နှင့်ကြွက်လိုပင်။ မိဘချင်းက ရင်းနှီးသည့်အပြင် စီးပွားဖက်များအဖြစ် နှစ်အတော်ကြာ လက်တွဲလာသည်မို့ အိမ်ထောင်နှစ်ခု၏ဆက်ဆံရေးက သားနှင့်မာန့်ကြားသာ ကန့်လန့်ကြီးဖြစ်နေသည်။ ကလေးနှစ်ယောက်က တည့်ချင်လျက်သားနှင့် တစ်ယောက်ကို တစ်ယောက် ဘာကို အခဲမကြေဖြစ်နေမှန်းမသိ....။
 
______________
 
သူ အိမ်ထဲခပ်တည်တည်ဝင်ချသွားတော့ ဧည့်ခန်းထဲတွင် ဂိမ်းတူတူထိုင်ဆော့နေသော ဝရုန်းနှင့် သူ့အစ်ကို ဝရုန်းသိုင်းဟန် ကို တွေ့ရသည်။ တစ်ဦးတည်းသော သားဖြစ်ရသည်က ဝရုန်းသိုင်းမာန်ထက် နှာတစ်ဖျားပိုသာသည်ဟူသော အတွေးသည် ဒီလိုအချိန်မှာ ကြက်ပျောက် ဌက်ပျောက်ပင်။ တစ်ယောက်တည်း နေရခက်စွာဖြင့် တောင့်တောင့်ကြီးရပ်နေတုန်း ဂိမ်းဆော့နေသော အစ်ကိုဝရုန်းသိုင်းဟန်က လှည့်ကြည့်၍လာသည်။
 
"ညီ...သံယာ!"
 
ထိုအခါ နံဘေးမှ သကောင့်သားက သံယာ့နာမည်ကြားကတည်းက ကြိုတင်ချိတ်ဆွဲလာဟန်ရှိသော မျက်ထောင့်နီဖြင့် ရန်စောင်စွာ လှည့်ကြည့်၏။ သူနှင့် ဆန့်ကျင်ဖက်ဖြစ်သည့် အကိုကတော့ ဂိမ်းစက်ကို ပစ်ချကာ သံယာ့အနားလျှောက်လာ၍....
 
"ထိုင်ဦးလေ...ညီ"
 
"ဟုတ်၊ အိမ်မှာ အဘွားနှစ်ပတ်လည်မလို့ အုန်းနို့ခေါက်ဆွဲချက်တာ မေမေက တီချိုတို့အတွက် ပို့ခိုင်းလိုက်လို့ပါ"
 
"ဪ အတော်ပဲ။ အစ်ကိုလဲ ဒီရက်ပိုင်း အုန်းနို့ခေါက်ဆွဲစားချင်နေတာ....ကျေးဇူး ညီ"
 
အစ်ကိုက သူကမ်းပေးလာသော ချိုင့်ကို အသာဆွဲယူ၍ ပြုံးကာ....
 
"ထိုင်စောင့်နေအုံးနော်။ တစ်ခါတည်းချိုင့်လဲပေးလိုက်မယ်...သူငယ်ချင်းနှစ်ယောက် စကားပြောနှင့်ကြ"
 
မီးဖိုခန်းထဲ ခပ်သွက်သွက်ဝင်သွားသော အစ်ကို့စကားအရ မထိုင်ချင်သော်လည်း ခြေထောက်ညောင်း၍ နံဘေးက ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ ဝရုန်းကတော့ သူလာကတည်းက မျက်စောင်းတစ်ချက်သာပေးပြီး ဂိမ်းကို ပိတ်ကာ ဗီဒီယိုဆက်ကြည့်နေ၏။ သူတို့နှစ်ယောက်ကြား ပြောစရာ စကားမရှိ....။
 
"ကိုကို...အမြန်လုပ်၊ ဒီမှာဂိမ်းဆော့ချင်နေပြီ"
 
TV remote ကို တတောက်တောက်ခေါက်ရင်း အထဲမှ အစ်ကိုဖြစ်သူကို လှမ်းခေါ်နေသောကြောင့် မကြည်ကြည့်သာ ကြည့်ပေးလိုက်သည်။
 
"မင်းလင်မို့လို့ လာကြည့်နေတာလား?!"
 
"မင်းမြိုဖို့ လုပ်ပေးနေတာလေ...​ေ-ာက်အလိုက်သိ"
 
အဆီအငေါ်မတည့်သော ဆဲဆိုမှုများနှင့် မြိုင်နေကျရန်ပွဲဟာ သူတို့နှစ်ယောက်ဆုံလျှင် ဖြစ်တည်နေကျ။ ပါးစပ်လှုပ်ရုံကျိန်ဆဲပြီး ဗီဒီယိုဘက် မျက်နှာပြန်လွှဲ ကြည့်နေလိုက်သော်လည်း အနောက်ဆီသို့ မျက်စောင်းတထိုးထိုးလုပ်နေသေးသည်။
 
အိမ်နေရင်း စွပ်ကျယ်အဖြူဟာ အသားဖြူသူများနှင့်ပဲ လိုက်ဖက်သည်ဟု ထင်ခဲ့သော သံယာ့အတွေးမှာ ဝရုန်း၏ ဗီဒီယိုကြည့်နေသော ကျောပြင်ကျယ်အောက် မသိမသာငို့လျှိုးသွားသည်။ သို့ပေတည်း ချောကလက်သံချေးတက်အသားအရည်နဲ့ အဖြူရောင်ကို အရှက်မရှိဝတ်ထားသေး ဟူသော အတွေးကိုသာ လက်ကိုင်ပြုပြီး အနည်းငယ်သာ ညိုသော ဝရုန်း၏ အသားအရည်ကို ကြိတ်နှိမ်နေလိုက်သည်။
 
နောက်စိဆီမှ ခပ်ပါးပါးဆံစများက နေရာတကျ ပြတ်သား၍ ရှေ့နဖူးပြင်ဆီမှာတော့ အပုံလိုက် ခပ်ပွပွကျနေမည်ဆိုတာ လှည့်ကြည့်ကတည်းက မြင်ထား၏။ သူ့ကိုမြင်တာနဲ့ အမြဲမျက်မှောင်ကုတ်ပြီး လူဆိုးလို မျက်နှာထားနှင့် ကောင်ကို ကျောင်းကမိန်းကလေးတွေ ဘာများ ကြည့်ကြိုက်နေလဲမသိ။
 
မုန်းလိုက်တာ အဲ့ကောင်ကို။
 
"သံယာရေ..."
 
ပြောင်စင်နေသော ချိုင့်လေးကို ကိုင်ကာ အစ်ကိုက ဧည့်ခန်းထဲသို့ ဝင်လာသည်။ သံယာ ပြုံး၍ ထရပ်ကာ အစ်ကို့ဆီမှ ချိုင့်ကို လက်လွှဲယူလိုက်၏။
 
ထို့နောက် ထိုအကောင်ရှိရာ ဝန်းကျင်မှာ ခပ်ကြာကြာမနေချင်တော့တာမို့ "အုန်းနို့ခေါက်ဆွဲကို အစ်ကို့နာမည်နဲ့ခပ်ဆင်ဆင် နာမည်ရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကို မကျွေးပါနဲ့ဗျ" ဟု ခပ်ကျယ်ကျယ်အော်ပြောပြီး ဖဝါးနှင့်ကျောတန်းအောင် ကဆုန်ပေါက်ပြေးလာခဲ့သည်။
 
နောက်ပါးဆီမှ အကို့ရယ်သံဖွဖွနှင့်အတူ ဒေါသပုန်ထနေသည့် ဝရုန်းသိုင်းမာန်ကို ဆွဲထိန်းဖြန်ဖြေနေသံများပါကြားရသည့်အတွက် အောင်နိုင်သူတစ်ယောက်လို အပြုံးကြီးကြီးပြုံးချလိုက်မိပါသည်။
 
_____________
 
၂၀၂၃ ခုနှစ် ..
 
"ဝရုန်း..."
 
Sneaker အဖြူဝတ်ထားသော ခြေတစ်ဖက်အရှေ့သို့ ရွေ့လာသည်တွင် ဝရုန်း၏ နှလုံးသွေးတို့ အသွယ်သွယ်ပြက်တော့သည်။ ရှေ့တိုးမရ ၊ နောက်ဆုတ်မရနှင့် ခြေထောက်တို့ဟာ မြန်ဆန်လှသော ရန်ခုန်သံကြောင့် တဆတ်ဆတ်တုန်နေ၏။
 
မိမိကို ချစ်မြတ်နိုးစွာ ကြည့်လာရင်း တစ်လှမ်းပြီးတစ်လှမ်းတိုးလာသူသည် နှုတ်ခမ်းထက်တွင် ကြည်လင်သောအပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။
 
"ဝရုန်း...."
 
ထပ်မံခေါ်ဆိုလာမှ သူ အသိဝင်ကာ ဤအနေအထားမှ အမြန်ရှောင်ထွက်ဖို့ပြင်တော့သည်။ ကားတံခါးကို ဆွဲဖွင့်ဝင်တော့မည့် သူ့လက်ချောင်းများက တိုးကပ်လာသော တရှပ်ရှပ်ခြေသံကို မကြားဟန်ပြုထားသော်လည်း....
 
"မင်း...!"
 
လက်ချောင်းများက သူ့လက်ဖဝါးအတွင်း သိမ်းကြုံးဆွဲဆုပ်ခံထားလိုက်ရသည်။ ထိုသူက ဝရုန်း၏ ဒေါသမီးလျှံလျှံငြီးသော အကြည့်စူးများကို ပန်းနှင့်ပေါက်သလို သဘောထားကာ လက်ကို ဆွဲမြဲဆွဲရင်း...
 
"ငါတို့ ခဏစကားပြောရအောင်ပါ ဝရုန်း"
 
"ဘောကို စကားပြောမှာလား...မင်းနဲ့ငါနဲ့ကြား ပတ်သတ်စရာဘာစောက်ကြောင်းမှမရှိဘူး....ဖယ်"
 
လေသံကိုမာလိုက်မှ ပိုတင်းလာသည့်အခြေအနေမှာ ရှို့က သူ့ကားတံခါးရှေ့ တစ်ကိုယ်လုံးပိတ်ရပ်လိုက်သည်အထိ။
 
"ဘာလို့ ပတ်သတ်စရာမရှိရမှာလဲ...ငါကမင်းရဲ့ချစ်သူလေ...."
 
"ချစ်သူ..."
 
သူ့အပြောကို သံယောင်လိုက်ကာ "ဆိုရက်လေခြင်း" ဟူသော အကြည့်စိမ်းမျိုးဖြင့် ကြည့်လိုက်မိသည်။ ဤအခါတွင် သည်အကြည့်များကို ခံနိုင်ရည်မရှိသည့်ဟန် မျက်မှန်ထူအောက်မှ မျက်ဝန်းများမှာ မျက်တောင်ရှည်များကို ပုတ်ခတ်၍ တစ်ဖက်လွှဲသွား၏။
 
"ဘာပဲဖြစ်ဖြစ် ငါနဲ့ခဏလောက် စကားပြောအောင်ပါ...."
 
ရဲတင်းပေစွ။ ဒီလိုတောင်းဆိုမှုမျိုးကို ရှို့သံယာဟူသည့် ကောင်က အခွင့်ခံရသလား။ ရဲရဲတောက်အကြည့်နှင့် မာန်ကို တင်းထားသော်လည်း နှစ်ပေါင်းများစွာ တောင့်တနေသူရှေ့ မျက်မြင်ကိုယ်တွေ့ရပ်နေရခြင်းတွင် နှလုံးသားငယ်ဟာ ဝမ်းနည်းမှုတလှိုက်လှိုက်တက်၍ မျက်ဝန်းအိမ်တွင် ငွေ့ရည်ဖွဲ့လာမိ၏။
 
တစ်ဖက်သူမှာလည်း အချစ်ပိုစွာဖြင့် သူ့လက်ကောက်ဝတ်ကို မလွတ်တမ်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
 
"လွှတ်ပေးပါ ရှို့ရယ်....ငါတောင်းပန်ပါတယ်"
 
ဝေ့ဝိုင်းလာသော မျက်ရည်ကြည်များနှင့် ခယသည့် တောင်းဆိုမှုမို့လားတော့မသိ ၊ လက်ဆီမှ နွေးထွေးမှုဟာ အားလျော့လာသည်။ လေးထောင့်မျက်မှန်ထူအောက်မှ မျက်ဝန်းညိုများ ဆွေးမြည့်နေသည်မှာ ဝရုန်းစိတ်ထင်ဖြစ်မှာပါ။
 
"သွား....ဒါပေမဲ့ မင်းငါ့ကို မနက်ဖြန်တွေ့ရမယ်...."
 
သူ့အလိုကျ ခေါင်းသာ ငြိမ့်ပေးဖြစ်သည်။ ဤနေရပ်မှ အမြန်ဆုံးဆုတ်ခွာရန်သာ အရေးကြီးသည်မို့ ..
 
ကိုယ်ကို ဘေးသို့ အနည်းငယ်ရှောင်ပေးလာမှ ကားထဲသို့ အမြန်ဝင်၍ စက်ကိုနိူးကာ တရောသောပါး မောင်းထွက်လာမိသည်မှာ အပြင်မှလူ ဘယ်လိုအခြေအနေရှိခဲ့လဲပင် မကြည့်နိုင်ပြီ။
 
ကားဘေးမှ အရိပ်ကလေး တဖြည်းဖြည်းပျောက်ကွယ်လာသည်နှင့်အမျှ ထိန်းထားရသော မျက်ရည်ပူများက ပါးပြင်ကိုဖြတ်၍ အရှိန်အဟုန်နှင့် စီးဆင်းကြသည်။ နာကျင်မှုကြောင့် အောက်နှုတ်ခမ်းကို ခပ်ကြိတ်ကြိတ်ဖိကိုက်ကာ ရင်တွင်းမှ ပြန်စပ်လာသောဒဏ်ရာကို အတင်းဖြေဖျောက်နေရ၏။
 
____________
 
ရုတ်ချည်းမောင်းထွက်သွားသော ကားအနက်လေးဟာ အရှိန်ပြင်းပြင်းနှင့်မို့ စိုးရိမ်စိတ်က တနင့်တပိုးပေ။
 
မင်း ကားမောင်းရင်း ငိုများ ငိုနေသလား...
 
စိမ်းကားစွာ ရင့်သီးမှုများကို အပြစ်မဆိုလို။ ကိုယ်က မှားယွင်းခဲ့သည့်အတွက် ဒီအမျိုးသားလေးကျေနပ်သည်အထိ တောင်းပန်ခယဖို့ သူစိတ်စောမိသည်။
 
ဝရုန်းဟာ ငယ်စဉ်ကတည်းကလိုပါလားဟု အတွေးစီမိသော်လည်း လူရွယ်ဘဝမှာ သူသိခဲ့သည့် ဝရုန်းသိုင်းမာန်က ပုံစံနှစ်မျိုးပင်။
 
ပထမက သူ့အတွက် တစ်ဦးတည်းသော ရန်သူ။
ဒုတိယကတော့ သူ့အတွက် တစ်ဦးတည်းသော ချစ်သူ။
 
ပြောင်းလဲသွားခြင်းမရှိသည့် သွင်ပြင်ရုပ်ပုံမှာ ရှည်မိုးလာသော အရပ်နှင့် အနည်းငယ်ပိုဝင်းလာသော အသားအရည်က အဆစ်ပါမည်။ မျက်မှောင်နက်များက ကြုတ်ချင်သည် ၊ မျက်ဝန်းနက်က မှေးစင်ချင်သော်လည်း သူနှင့်ခြားနားစွာ တဖျတ်ဖျတ်တောက်လျက် ၊ နှာတံဖြောင့်အောက်က ခပ်ပါးပါးနှုတ်ခမ်းဘေး သူ့ကြောင့်ရခဲ့သော အမာရွတ်လေးကလည်း ယခင်အတိုင်း။
 
တမူထူးသည်ကတော့ သူ့လူဆိုးလေးဟာ ရင့်ကျက်စွာနှင့် ပုဆိုးနီညိုကွက်လေးကို ဝတ်ဆင်ထားပေသည်။ ရင့်ကျက်လာသည်ဟု ထင်ရပုံက အသက်အရွယ်အပိုင်းအခြားနှင့်အတူ တစွန်းတစ စုံစမ်းခဲ့သည့် သတင်းများအရ မန္တလေးမြို့မှာ နာမည်ကြီးသင်တန်းဆရာတစ်ယောက်ဖြစ်နေပြီဟူသည့် ဂုဏ်ပုဒ်ကြောင့်များလား။
 
____________
 
နေ့လယ်စာအတွက် ဟင်းပြင်ပေးရင်း အပြင်ဘက်က မောင့်ကားသံကြောင့် ပြုံးလိုက်မိသည်။ အချိုအချဉ်ဟင်းများကို ပန်းကန်ခွက်ယောက်အသီးသီးသို့ အသပ်ရပ်ဆုံးပြင်ဆင်၍ ထည့်ပြီးသည့်တိုင် သူအိမ်ပြန်လာလျှင် ဇနီးသည်တစ်ယောက်လို လာကြိုတာကို ဘဝင်မကျသည့်မောင့်သဘောအတိုင်း ကြိုလင့်နေသော်လည်း အိမ်ထဲသို့ မောင်ဝင်မလာ။ မှန်ပြတင်းဆီမှ တစွန်းတစ မြင်ရသော ကားအနက်လေးဟာ ဆိတ်ငြိမ်လျက်....။
 
ပြင်းပြလာသော စိုးရိမ်စိတ်ကြောင့် သူမအိမ်အပြင်သို့ ထွက်ကြည့်မိရာ ကားမောင်းသူနေရာတွင် ထိုင်နေသော မောင်ကို တစောင်းအနေအထားဖြင့် မြင်နေရသည်။ သို့သော် ကားစတီယာတိုင်ပေါ် ခေါင်းမှောက်ထား၍ ကျောပြင်က တသိမ့်သိမ့်လှုပ်ခါနေလေသည်။
 
ဘုရားရေ....မောင်ငိုနေသည်လား။
 
အင်မတန်စိတ်ဓာတ်မာကျောသည့် မောင်က ရှိုက်ကြီးတငင်ငိုယိုနေသည်ဟူသော အသိနှင့်တင် သူမစိတ်တို့က တစ်လွှာပြီးတစ်လွာ ပဲ့ကြွေလာသည်။ ကားဆီသို့ ပြေး၍ တစ်ဖက်ခုံတွင်ဝင်ထိုင်သည်အထိ မောင်က ငိုမြဲ...။
 
"မောင်...မောင်"
 
ထိုအခါမှ အသိဝင်လာဟန်ဖြင့် မှောက်ချထားသော မျက်နှာကို ပင့်မော့ကြည့်သော်လည်း မောင့်ရှိုက်သံများက အမျှင်မပြတ်။ အကြောင်းရင်းကို မမေးမြန်းနိုင်ခင်တွင် မောင်ဟာ ခိုကိုးရာမဲ့ ကလေးတစ်ယောက်လို သူမရင်ခွင်ထဲသို့ ဖက်တွယ်လျက် အသည်းအသန်ငိုရှိုက်ပါတော့သည်။
 
"မောင်ရယ်....ဘယ်လိုဖြစ်တာလဲ...ကြွေ ရင်တွေပူလိုက်တာ...."
 
မောင့်ပါးပြင်ထက် တသောသောစီးကျနေသော မျက်ရည်စက်များသည် ကြွေသင့်ထည် ဟူသော သူမ၏ နှလုံးအိမ်ကို တစ်စပြီးတစ်စ ဖဲ့ယူခြွေဖျက်နေလေသည်။
 
"ကြွေ...မောင်လေ....မောင်...."
 
မော့ကြည့်လာသော မောင့်မျက်နှာဟာ  ရဲရဲနီ၍ မျက်ရည်စအချို့တွဲခိုလျက်ရှိသော  မျက်ဝန်းတောက်တို့က မို့အစ်နေ၏။
 
"မောင်.....သူ့ကို တွေ့ခဲ့တယ်"
 
"သူ....ဘယ်သူလဲ မောင်"
 
ကြွေဟာ တုံးအလွန်းပါသည်။ အမှတ်သည်းခြေကြီးသော မိန်းမဖြစ်သည့်တိုင် ထိုသူ့ကို မှတ်ဉာဏ်ထဲမှ အပြီးတိုင်ဖျောက်ဖြတ်ခဲ့ခြင်းအကျိုးဆက်အား မောင့်ပါးစပ်မှ ကိုယ်တိုင်ထွက်ရှိလာစေတော့သည်။
 
"ရှို့....ရှို့နဲ့ တွေ့ခဲ့တယ်"
 
"ရှင်...."
 
ကြွေ့လက်ဖျားများကို ဆုပ်ကိုင်၍ အမောတကော ပြောလာသည့်မောင်ဟာ သူ့စိတ်သူ မပြိုပျက်သွားအောင် အတတ်နိုင်ဆုံးတည်ဆောက်မွမ်းမံထားရပုံ။ "ရှို့" ဟူသည့် အမည်နာမမှာ မောင့် နှလုံးသည်းပွတ်များကို နာကျင်စွာ ဖြတ်တိုက်လာပြီးမှ ပြင်ပလေဟာနယ်သို့ အရာထင်လာပုံရသည့်အခါ ကြွေမှာလည်း သံယာနှင့်ပတ်သတ်၍ ဒဏ်ရာရှိဖူးသူပီပီ ဖျင်းမြက်နေအောင် အောင့်သက်မွန်းကြပ်ရပါသည်။
 
"ရှို့က...ရှို့က မောင့်ကို စကားပြောချင်တယ်တဲ့...."
 
မောင်ရယ် ဟုသာ မချိတင်ကဲရေရွတ်မိပါသည်။ သံယာနဲ့ တွေ့လာခြင်းကို ကြွေထက် မောင်က ပိုကြောက်ရွံ့နေမှာ။ ရင်ခွင်ထဲမှ တဆတ်ဆတ်တုန်နေသော ကိုယ်ကို ဖွဖွထွေးပွေ့ရင်းသာ သက်ပြင်းမျှင်းမိသည်။
 
ကြွေလည်း မောင့်နည်းတူနာကျင်နေပါပြီဆိုတာကိုတော့ မောင့်ကိုမပြောရက်ပေ....။

ကောက်ရိုးမျှင်(Hay)(Completed)Donde viven las historias. Descúbrelo ahora