ခွမ်း ... ခလွမ်း ...
လက်မောင်းခတ်ထိုးနှက်သံများနှင့် ဖန်ထည်ကျကွဲသံတစ်ခုသည် တစ်ဆက်တည်းဆိုသလို ထွက်ပေါ်လာလေသည်။ ညအလယ်ရှိ အိမ်ကြီးဟာ တုန်လှုပ်ခြောက်ခြားစွာ။
"လက်မပါပါနဲ့ ဖေဖေ"
ဟန်သည် ကြမ်းပြင်ပေါ်တွင် ပစ်လှဲကျနေသော ညီငယ်ဖြစ်သူကို မပွေ့ထူလိုက်သည်။ သူ့လက်မောင်းကို အားပြု၍ မတ်တပ်ရပ်လာသော ဝရုန်း၏ နှုတ်ခမ်းထောင့်က သွေးစက်တို့ကို မြင်ပြီး ဟန့်ရင်ထဲ နာကျင်ရသည်။
သူ ညီ့ထံ ရုတ်ချည်းကျရောက်လာသော လက်ထိုးချက်များကို ကျောပေးခံယူရာ ဖေဖေ့ဒေါသမှာ မဆုံးနိုင်ဖြစ်လေသည်။
"မင်းဖယ်စမ်း ... အကြီးဖြစ်ပြီး ကိုယ့်ညီ ယောက်ျားချင်းကြိုက်နေတာကို ဆုံးမမယ်မရှိဘူး"
ဖေဖေက သူ့ကို အတင်းဆွဲဖယ်၍ ဝရုန်းကို ရိုက်နှက်ဖို့ ပြင်သည်။ ဟန်မဖယ်ပေးမိပါ။ ဝရုန်းသည်လည်း သူ့နောက်ကျောတွင် တုန်ယင်နေခဲ့သည်။
"လက်မပါနဲ့ ဖေဖေ စကားနဲ့ပြောပါ"
"ဟန် မင်းကို ဖယ်လို့ပြောနေတယ်လေ "
မေမေကပါ ဝင်မတားသည့်အပြင် အဆင်းကို ဘီးတပ်သည်။ ဖေဖေက စီးပွားရေးမပြေလည်သည့်ကြား ဒီလိုကိစ္စပါ အတိုင်ခံရသဖြင့် ပေါက်ကွဲသည်။ မေမေဟာလည်း မိဘပေမို့ မိန်းမသားဖြစ်လျက် ဒီလောက်ထိုးနှက်ပေါက်ကွဲနေတာကို ဝင်မဆွဲတာဖြစ်သည်။
"ကျွန်တော် သံယာနဲ့ လမ်းခွဲမှာမဟုတ်ဘူး ဖေဖေ"
ဟန် ဝရုန်းကို အလန့်တကြား လန့်ကြည့်လိုက်သည်။ ဒါဟာ ပြဿနာကို ပိုကြီးထွားစေတာ ညီ မသိရော့သလား။
"ဘာပြောမယ် မင်းကများ အသံကောင်းဟစ်လို့!!!"
ဖေဖေက မဖယ်ပေးသော ဟန့်ကိုပါ ရိုက်ပုတ်တော့သည်။
"မာန် အပေါ်တက်တော့"
သူ့စကားအဆုံးတွင် ညီက အိမ်ပေါ်ကို ပြေးတက်သွားသည်။ ဖေဖေက ညီမရှိတော့မှ အသည်းအသန်ငိုယို၍ သူ့ပုခုံးကို ဆွဲကိုင်ရမ်းသည်။ ယောက်ျားရင့်မာကြီးဖြစ်သော ဖေဖေ၏ ငိုသံက ဟန့်ရင်ထဲ ပဲ့တင်ထပ်၍ နေသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....