အပိုင်း-(၅)

19K 2.3K 43
                                    

အနွေးဓာတ်သာရှိတော့သော ကော်ဖီခါးခါးကို သူတစ်ငုံယူသောက်လိုက်သည်။ အခါးဓာတ်ပြင်းပြင်းဟာ လည်ချောင်းကိုဖြတ်၍ နှစ်လိုဖွယ် စီးဆင်းသွား၏။
 
"ငါသူနဲ့ ကွာရှင်းလိုက်ပြီ....အတူနေတဲ့တလျှောက်လုံးမှာ ကင်းရှင်းခဲ့တယ်ဆိုတာမျိုးတော့ ငါမပြောလိုပါဘူး.... ငါ ကိုယ်တိုင်ကလည်း မင်းနဲ့ တွဲစတုန်းကလို သန့်ရှင်းစင်ကြယ်တဲ့ လူပျိုလေးမဟုတ်တော့တာ အမှန်ပဲ.. မင်း.. ငါ့ကို မသတီချင်လည်း ရပါတယ်"
 
ပြတင်းပေါက်ဆီ လွှဲဖယ်ထားသော ဝရုန်း၏ မျက်ဝန်းများက စိုစွတ်၍နေသည်။ စက္ကန့်မလပ် အမြတ်တနိုးတန်ဖိုးထားခဲ့ရသည့် ဖြစ်တည်မှုကို မသတီသင့်ချိန်ရောက်ပြီလား။
 
"ဒါပေမဲ့....ငါ့ကို အခွင့်အရေးပေးပါ"
 
"ငါ့မှာ ချစ်သူရှိတယ်....ရှို့သံယာ"
 
ဟက်ခနဲ ရယ်သံတစ်ချက်ကြောင့် သူ့နှလုံးအိမ်တစ်လွှာ အက်ခနဲ ကွဲသည်။ အရာရာကို ကြိုသိနေဟန်ရှိသည့် မျက်ဝန်းများဟာ မျက်မှန်ထူထူအောက်မှာ မှိုင်းညို့လျက်။
 
"ကြွေသင့်ထည်မလား။ အဟက်....သူက မင်းချစ်သူမဟုတ်ပါဘူး....ငါ့ကြောင့် မင်းကွဲပြဲနေတဲ့အချိန် ပွဲလန့်တုန်းဖျာခင်းသွားတဲ့ အရှုပ်ထုပ်သပ်သပ်ပဲ"
 
"ဘာ .. မင်းကြွေ့ကို မစော်ကားနဲ့"
 
"တောက် .. "
 
မိမိစက်ဘီးပေါ် တင်နင်း၍ ဝရုန်းအကြောင်းများ ဖောက်သည်ချခဲ့ဖူးသော ဆယ်တန်းကျောင်းသူလေးကို ပြန်မြင်ယောင်လာသည့်အခါ ယခုလက်ရှိ သူ့ကို ကာကွယ်ပေးနေသည့် ချစ်ရသအား ခံပြင်းဒေါသထွက်မိသည်။
 
"မင်းကြွေ့ကို မချစ်ပါဘူး....မင်းက ငါ့ကိုပဲ ချစ်တာ....ဟုတ်တယ်မလား"
 
"တော်စမ်းပါကွာ။ ငါတို့က ဆယ့်ခြောက်နှစ်အရွယ်ကလေးတွေလဲ မဟုတ်တော့ဘူး....အရေးမပါတာတွေ မပြောဘဲနဲ့ ကိုယ့်လမ်းကိုယ် လျှောက်ကြရအောင်ပါ...."
 
​လက်ဖက်ရည်ပူပူကို အတင်းမြိုချကာ တစ်ဆို့နေသော အပူလုံးကိုလျှောချရန် ကြိုးစားမိသည်။ ဒီအရွယ်ရောက်ခါမှ ကျလုဆဲဆဲမျက်ရည်ဉများကို အံကြိတ်ထိန်းသိမ်းနေရတာ သိပ်မလွယ်လှ။
 
"ရုန်းလေး...."
 
"မင်းငါ့ကို အဲ့လိုမခေါ်စမ်းနဲ့"
 
ယခင် ချစ်သူများဘဝက အူတယားယားအသုံးပြု ခေါ်ဆိုတတ်သော ဝေါဟာရမှာလည်း ယခု ပြန်ကြားမိချိန်တွင်တော့ အင်မတန်ပူလောင်ခါးသီးလွန်းပါသည်။
 
"ငါပြန်တော့မယ်"
 
"ဝရုန်း...!"
 
မတ်တပ်ထရပ်၍ ပြန်မည်ပြင်သော်လည်း သူ့လက်ဖျံတစ်ခုလုံးကို ပိုင်နိုင်စွာကိုင်စွဲထားသည့် လက်တစ်ဖက်။ ဆတ်ခနဲရုန်းသည့်တိုင် အတင်းပြန်ဆွဲထားသည့် အနေအထားဟာ လူမြင်ကွင်းတွင် အတင်းအကြပ်သဘောဆောင်လာသည်.....
 
"ငါက သင်တန်းဆရာနော်....မင်းငါ့ကိုနာမည်ပျက်စေချင်ရင် ထင်တိုင်းလုပ်"
 
ထိုအခါမှ အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်၍ သူ့လက်ဖျံကို ဖြည်းဖြည်းလွှတ်ပေးလာသည်။
 
"ဒီနေ့တော့ ဒီလောက်ပဲပေါ့....နောက်နေ့တွေလဲ ငါမင်းကိုလာတွေ့မယ်"
 
ခေါင်းညိမ့်ခဲ့သည်လား၊ ခေါင်းရမ်းခဲ့သည်လား မသိဘဲ ထိုနေရာမှ အဆောတလျှင် ရှောင်ထွက်လာခြင်းကိုသာ ပြုမိသည်။ ဒီနေရာကို လာကိုမလာသင့်သည့် နောင်တက အချစ်ဦးကို ပြန်တွေ့မြင်ရသဖြင့် မြူးထူးနေသော နှလုံးသားငယ်ထက် စုန်းစုန်းမြှုပ်ခဲ့ဟန်တူပါသည်။ ကား Steering ကို ခပ်ကြပ်ကြပ်ဆုပ်ကိုင်ရင်းပင် ရှို့သတိထားမိဟန်မရှိသော လည်ပင်းထက်မှ လက်စွပ်ကိုသွယ်ထားသည့် ဆွဲကြိုးလေးအား နဂိုအုပ်ထားသော shirt အသားထဲသို့ ပိုသွင်းလိုက်မိသည်။
 
ငါမင်းကို မုန်းချင်လိုက်တာ ရှို့ရယ်....။
 
ဆိုင်တွင်းမှ လူရွယ်ကတော့ အပြင်မှ မောင်းထွက်သွားသော ကားလေးသို့မျှော်ကြည့်ရင်း သူ့ချစ်ရသူအကြောတင်းလေးဆီလှမ်းဖို့ ခြေလှမ်းများကို ပြင်ဆင်နေလေတော့၏။
 
_______________
 
၂၀၁၂...
 
"ကဲ...ညီအစ်ကိုသုံးယောက် ခဏနားပြီး လက်ဖက်သုပ်လေး စားအုံး"
 
လက်ဖက်ပန်းကန်ကြီးကြီးကိုင်၍ ဘောလုံးကွင်းထဲသို့ ဝင်လာသော ဒေါ်ချိုတင့်ဆီသို့ သူတို့သုံးယောက်ပြေးသွားလိုက်သည်။
 
မကြာခင် ဆယ်တန်းပြီးတော့မည့် ကလေးနှစ်ယောက်က လူပျိုဖားဖားကြီးတွေဖြစ်နေသော်လည်း ဆိုင်ကယ်မစီးတတ်သေးသောကြောင့် သူတို့အစ်ကိုအိမ်ခဏပြန်လာတုန်း အတင်းသင်ခိုင်းထားရ၏။ မန္တလေးသားတွေ ဖြစ်ပြီး ဆိုင်ကယ်မစီးတတ်တာ မဟုတ်သေး။
 
ယခုလည်း သူတို့အိမ်နံဘေးက ဘောလုံးကွင်းဟောင်းကြီးတွင် ညီအစ်ကိုသုံးယောက် အကြိတ်အနယ်သင်နေကြသည်။ စစချင်း သင်မည်ဆိုကတည်းက ဆယ်ပေ ၊ ဆယ့်နှစ်ပေခြားရပ်နေသော ကလေးနှစ်ယောက်ကြောင့် ဆရာဝရုန်းသိုင်းဟန်မှာ ရယ်ရခက် ငိုရခက်။
 
ခုလည့်ကြည့် ၊ ဒေါ်ချိုက တစ်ဖက်တစ်လှမ်းဆီပြေးပြေးသင်နေရတဲ့ ဆရာအတွက် အဓိက လက်ဖက်သုပ်ပေးတာကို....မောင်မင်ကြီးသားနှစ်ယောက်က အဝေးတစ်နေရာဆီကနေ သူ့ထက်ငါအလျှင် ပြေးလို့ သုတ်ကုန်ကြလေပြီ။
 
"ဟဲ့....ဖြည်းဖြည်းစားကြပါ...."
 
ဝရုန်းသိုင်းဟန်ကတော့ ရယ်၍သာ သူတို့နားလျှောက်လာ၏။ ပြီးနောက် လက်ဖက်ဇွန်းသုံးဇွန်းထဲမှ နောက်ဆုံးကျန်သော တစ်ဇွန်းကို ဆွဲယူကာ အနည်းငယ် စားလေသည်။
 
"ကဲ....မေမေအိမ်ခဏပြန်လိုက်အုံးမယ်....ဟင်းချက်စရာလေးရှိလို့ ၊ သေချာသင်ကြနော်"
 
ဒေါ်ချိုတင့်က သေချာမှာကြားပြီး ဘောလုံးကွင်းထဲမှ ဖုတ်ဖတ်ခါထွက်သွား၏။ ဝရုန်းသိုင်းမာန်၏ အမေမှာ အသက်လေးဆယ်ကျော်အရွယ်ဖြစ်သော်လည်း ပေါ့ပေါ့ပါးပါးနှင့် ပျိုမြစ်နုနယ်ဆဲပင်ဖြစ်သည်။
 
ညီအစ်ကို သုံးယောက် လက်ဖက်စားနေကြမှာပင် ရုတ်တရက် ထမြည်လာသော Ringtone ကြောင့်....
 
"ကလေးတွေ ခဏနော်...အစ်ကိုဖုန်းသွားပြောလိုက်အုံးမယ်"
 
သူ့ဖုန်းကို နားနားကပ်ကာ အဝေးတစ်နေရာဆီသို့ ရှောင်ထွက်သွားသည့် အစ်ကို။
 
အစ်ကိုမရှိဘဲ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့သည့် အနေအထားဟာ နည်းနည်းတော့ ပျင်းရိဖွယ်၊ တစ်ယောက်နှင့် တစ်ယောက် မျက်စောင်းထိုး၍သာ လက်ဖက်ဆက်စားဖြစ်ကြသည်။ လက်ဖက်သုပ် ပန်းကန်ထဲမှ နီရဲရဲ ခရမ်းချဉ်သီးဖတ်တွေ မြင်တော့ သံယာက ညစ်ကျယ်ကျယ်ပြုံး၍....
 
"သူငယ်ချင်း...စားလေ"
 
ထို ခရမ်းချဉ်သီးဖတ်များကိုသာ ဝရုန်းစားနေသည့် အပုံနားတိုးပေးလိုက်သည်။
 
"-ီးဖြစ်နေတာလား?"
 
"စားပါကွ....မင်း အသားအရည်လှအောင်လို့"
 
"ငါ-ိုးမသား....-ီးတောင် မစားဘူး"
 
ခရမ်းချဉ်သီးများနှင့် နှံ့အောင်ရောမွှေပစ်သော လက်ဖက်ပန်းကန်ကို မျက်စောင်းထိုးကာ သူ့ဆိုင်ကယ်နား မကျေမချမ်းနှင့် ပြန်လျှောက်သွားသောကြောင့် အကြံအောင်သူပီပီ အသံထွက်ရယ်လိုက်မိပါသည်။
 
_________________
 
"ပြောထားပြီးသားနော်....သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကျော်မမောင်းရဘူး....ရန်မဖြစ်ရဘူး...."
 
ဘေးတစ်ဖက်တစ်ချက်စီမှ ဘောင်းဘီတိုလေးများနှင့် ကောင်ငယ်လေးနှစ်ယောက်က ဆိုင်ကယ်ကိုယ်စီဖြင့် ဆူပုတ်လို့နေသည်။ တစ်ယောက်နှင့် တစ်ယောက်ကလည်း လစ်လျှင် လစ်သလို ဘုကြည့်ကြည့်လိုက်ကြသေး။ သူ့ကွယ်ရာမှာ ဒီနှစ်ကောင် ဆိုင်ကယ်စီးပြိုင်တော့မှာသိသည်မို့....
 
"တကယ်လို့ တစ်ယောက်က တစ်ယောက်ကို ကျော်မောင်းရင် အစ်ကို့ကို လာတိုင်....အဲ့ကျော်မောင်းတဲ့ကောင်ကို အပြစ်ပေးမယ် ။ ခုဟာက လေ့ကျင့်တုန်းပဲရှိသေးတယ် ၊ မကျွမ်းကျင်သေးတာမလို့ အမြန်မမောင်းရဘူး....၇၉လမ်းဖက်ထိ ပတ်မောင်းပြီး ပြန်လာကြ"
 
"ဟုတ်"
 
"ဟုတ်"
 
ထို့နောက် စကူတာလေးနှစ်စီးကွင်းထဲမှ ခပ်ဖြည်းဖြည်းဆုတ်ခွာသွားကြသည်။ ကောင်လေးနှစ်ယောက်က အပြိုင်အဆိုင်နှင့်မို့ သင်ကြားရတာ မြန်ဆန်လှ၏။ ဟန်လည်း နံဘေးမှ အုတ်ခုံလေးပေါ် ထိုင်ကာ ဖုန်းသုံးရင်း ကလေးနှစ်ယောက် ပြန်အလာကို စောင့်နေဖြစ်သည်။
 
________________
 
အချိန်ကား နေ့လယ်သုံးနာရီ။
 
ကြည်လင်သော အချိန်ဖြစ်သောကြောင့် ကောင်းကင်ပြာဟာ လင်းရှင်း၍ နေသည်။ သို့သော်လည်း တိမ်မှုန်အနည်းငယ် ထင်သော ကောင်းကင်မှာ လွမ်းရိပ်ငွေ့တို့က တထပ်ထပ် စွန်းထင်နေဟန်။ လမ်းမကြီး၏ ဘေးဆီမှ သစ်ပင်ကြီး၏ အကိုင်းအခက်တို့မှာ လေနှင်ရာ ယိမ်းနွဲ့နေကြသည်။ နွေလေပူပူကြီးစိုးနေသော်လည်း ပျင်းရိခြောက်သွေ့ဖွယ်ကောင်းမနေ။ အကြောင်းမှာကား ဆိုင်ကယ်ကို မစီးတတ် စီးတတ်နှင့် ထိန်းစီးရင်း တစ်ယောက်နှင့် တစ်ယောက် အားလျှင် အားသလို မျက်စောင်းလှည့်ထိုးနေသော ကောင်လေးနှစ်ယောက်ကြောင့်ပင် ဖြစ်သည်။
 
ရန်လုပ်ချင်သော်လည်း သိပ်မကျွမ်းကျင်သေးသော ကိုယ့်ဆိုင်ကယ်ကိုယ် သေချာအာရုံစိုက် စီးနေရဟန်တူပါသည်။ ပြိုင်ဖက်၏ မြင်ကွင်းရှေ့ ပစ်လှဲကျလို့ လုံးဝမဖြစ်ပေ။ တစ်ယောက်နှင့် တစ်ယောက် မကျော်ဖြစ်တာထက် မကျော်နိုင်တာဆို ပိုမှန်ပါလိမ့်မည်။
 
 
"ဟူး....နေကလဲ ပူလိုက်တာ....ငါ့အသားတွေတော့ မည်းကုန်တော့မှာပဲ"
 
တစ်ကိုယ်တည်း တီးတိုးရေရွတ်နေသော်လည်း တစ်ဖက်ဆီမှ ထွက်လာသော တောက်ခေါက်သံကြောင့် ပီတိပြုံးကြီးပြုံးလိုက်သေး၏။
 
ဝရုန်းမှာတော့ အသားလေးနည်းနည်းပိုဖြူတာကို ဂုဏ်ဆာမဆုံးဖြစ်နေသည့် ပေါက်ဖော်အား အမြင်ကတ်ပုဒ်မနှင့်သာ မဲ့ရွဲ့ကြည့်ပစ်လိုက်သည်။
 
ရှေ့နည်းနည်းရောက်လျှင် ပြန်ကွေ့မည်။ ဒါဟာလည်း နှစ်ယောက်တိုင်ပင်စရာမလို ၊ တစ်ယောက်ကကွေ့လျှင် တစ်ယောက်က လိုက်ကွေ့မှာပဲ ဖြစ်သည်။
 
ကိုယ့်ဆိုင်ကယ်ကိုယ်လဲ ထိန်းရသေးသည်မို့ နံဘေးမှ ရှို့သံယာကို အာရုံမရတော့....။ ကွေ့မည့်နေရာကိုသာ အာရုံပြု၍ သေချာမောင်းနေမိသည်။
 
"အာ့!"
 
အနီးမှ ဖျတ်ခနဲ ပြိုသွားသော ပုံရိပ်လေး။ ကွေ့မည့်နေရာရောက်တော့မည့် သူ့ဆိုင်ကယ်ကို ချက်ချင်းရပ်လိုက်မိကာ နောက်သို့ လှည့်အကြည့်...။
 
"ဟာ....ဒီကောင်"
 
လမ်းဘေး ပစ်လှဲနေသည့် စကူတာအနက်လေးအောက် ရှို့သံယာက မချိမဆန့်ပိလဲနေသည်။ သူ့ဟာသူ ထနိုင်မည်ထင်၍ ကိုယ့်ဆိုင်ကယ်ကိုယ်ပြန်မောင်းမည်ကြံသော်လည်း  လက်ကိုင်ပေါ်မှ လက်ချောင်းများဟာ ဆိုင်ကယ်လဲနေရာမှ အဝေး သစ်ပင်ကြီး၏ အမြစ်နားတွင် ကိုင်းကြိုးလျက် လွှင့်စင်နေသော မျက်မှန်ထူထူတစ်လက်ကြောင့် အလိုအလျောက် ရပ်တန့်မိသွား၏။ မိမိ၏ မျက်စိတစ်ဆုံးသို့ မမျှော်လင့်ဘဲ လှမ်းမျှော်ကြည့်မိသောအခါ အိမ်စီးကားအဖြူလေးက သူတို့နေရာသို့ ဝေးဝေးမှ အမောင်းနှင်လာသည်။ ပိုဆိုးသည်က ရှို့သံယာက ပြန်မထနိုင်သည့် အပြင် မမြင်ရသော သူ့မျက်မှန်ကျသည့် နေရာဝန်းကျင်ကို လက်ဖဝါးဖြင့် လိုက်စမ်းနေတုန်း။
 
"အား။ သေစမ်း"
 
မိမိဆိုင်ကယ်ကို နံဘေးသစ်ပင်နားသို့ မြန်မြန်ကပ် ၊ ထောက်ကို ထောက်လိုက်ကာ ပစ်လှဲကျနေသော ဆိုင်ကယ်အနီးသို့ အလျှင်မြန်ဆုံးသုတ်ခြေတင်ရသည်။ ဆိုင်ကယ်အလေးကြီးကို ဆွဲမ၍ အရင်ဆုံး ဘေးအပင်နားသို့ ရွှေ့ ၊ ထောက် ထောက်လိုက်သည်။ ထို့နောက် ခုထိ မျက်မှန်လိုက်စမ်းနေသော သကောင့်သားကို ချိုင်းနှစ်ဖက်မှ အားဖြင့် ဆွဲမလျှင်.....
 
"ငါ့မျက်မှန်....ငါ့မျက်မှန်"
 
"မင်းမျက်မှန် ကျိုးသွားပြီ...ငါ့ကိုမှီထား....အနောက်မှာ ကားကြီးနဲ့"
 
ခြေထောက်လည်း ထိသွားဟန်ရှိသောကြောင့် ထို ခန္ဓာကိုယ်ကြီးကိုပဲ ချိုင်းအောက် လက်လျှိုမကာ တစ်ဖက်အပင်အောက် အုတ်ခုံပုပေါ်သို့ နေရာချပေးလိုက်သည်နှင့်တပြိုင်နက်.....
 
"ဝူး"
 
ကပ်လျက်မှ မောင်းနှင်သွားသော ထိုကားအဖြူ....။
 
"အမယ်လေး....တော်သေးတာပေါ့...."
 
ထိုနေရာမှာတင် ခြေပစ်လက်ပစ်ထိုင်ချကာ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်နိုင်၏။ ရှို့သံယာကို သတိတရဖြင့် ငဲ့ကြည့်မိ​တော့ မျက်ရည်များကျ၍ သူ့မျက်မှန် ကျလောက်မည့်နေရာကို အာရုံစိုက်ရင်း မျက်မှောင်ကြုတ် လိုက်ကြည့်နေသည်။
 
ဒီလိုကျတော့လည်း စိတ်မကောင်း....။
 
ကိုင်းကျိုးနေသော မျက်မှန်လေးကို သွားကောက်ယူကာ ကောင်းနေသော ကိုင်းတစ်ဖက်ကို သူ့နားရွက် ချိတ်ပေး၍ ကျန်တစ်ဖက်အပြတ်အား ဝရုန်း၏ လက်ဖြင့် ဆွဲကိုင်ကာ တပ်ပေးလိုက်သည်။
 
"မြင်ရပြီလား?"
 
ထိုအခါမှ ခေါင်းကို အတွင်တွင်ငြိမ့်လို့ မျက်ရည်များကို လက်ဖမိုးဖြင့် ပွတ်သုတ်နေ၏။ အမယ်....မျက်ရည်သာကျတာ ၊ မျက်နှာကြောကတော့ ယခင်လို တင်းဆဲ။
 
"မင်းခြေထောက် ပြကြည့်"
 
ဝရုန်း သံယာ့ရှေ့ရွှေ့ထိုင်ကာ Sneaker ဝတ်ထားသည့် ခြေတစ်ဖက်ကို ဆွဲယူတော့ မလှုပ်မယှက်။ ဖိနပ်ကို ဆွဲချွတ်ကာ ခြေဖမိုးကို ကြည့်တော့ ယောင်ကိုင်း၍နေသည်။ ဖွေးဆွတ်နေသော အသားအရည်ထက်မှ အညိုမည်းအရာကို လက်ဖြင့် ဖွဖွထိကြည့်လေမှ.....
 
"အား!!!နာတယ်"
 
"ခြေထောက်ထိသွားတာပဲ....ဆိုင်ကယ်ကို သေချာစီးမှပေါ့ ၊ သူများကို စောင်းရွဲ့ဖို့ပဲ ချောင်းနေတာကိုး....နည်းတောင် နည်းသေးတယ်"
 
"ဘာ!"
 
ခြေထောက်နာ၍ ဝမ်းနည်းနေသည့်အပြင် အလိုက်မသိသည့်ကောင်က ရန်လာစနေသည်မို့ ကျဆဲ မျက်ရည်ပင် ပြန်ဝင်ချင်သွားသည်....။
 
"မင်းအပူမပါဘူး"
 
ကိုင်နေသော လက်နှစ်ဖက်ကို ခြေထောက်ဖြင့် ဆတ်ခနဲ ကန်လိုက်ကာမှ နာကျင်မှုက ပိုတိုးလာသည့်အခါ အံကိုပဲ တင်းတင်းကြိတ်ထားမိသည်။ ထိုအခါ  သူ့ကို သူငယ်ချင်းသံယောဇဉ်ဖြင့် ဂရုစိုက်နေမိသည့် ဝရုန်းသိုင်မာန် အသိဝင်လာကာ....
 
"ဟိတ်ကောင်....ငါသာ လာမကယ်ရင် မင်းကားအောက်ဝင်သွားမှာ....ကျေးဇူးရှင်ကို ဘယ်လိုတုံ့ပြန်နေတာလဲ"
 
"မင်းကို ဘယ်သူက လာကယ်ခိုင်းလဲ?"
 
"အေး....-ီးမှ မကယ်ဘူးကွာ....ဒီမှာ တစ်နေကုန် ထိုင်နေလိုက်"
 
ဆတ်ခနဲ ထရပ်ကာ ကိုယ့်ဆိုင်ကယ်ပဲ ကိုယ် သွားယူနေလိုက်သည်။ ထိုကောင့်အနားထိ မောင်းလာပြီးမှ အရှိန်ကိုတင်ကာ နောက်မလှည့်တမ်း စီးလာခဲ့တော့၏။
 
"လူကဖြင့် ​ေ-ာက်ကန်း"
 
ပလက်ဖောင်းပေါ်မှ အရိပ်လေးကတော့ သူ့မျက်လုံးထောင့်တွင် တဖြည်းဖြည်း ဝေးကာ....ဝေးကာ ကျန်နေခဲ့၏။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now