(2023)
နေစူးစူးဖြန့်ကျက်နေသော မွန်းတည့်ချိန်ဖြစ်သည့်တိုင် ကားဂိတ်တလျှောက် လူတွေ ပွစိတက်နေသည်။ အလွမ်းသယ်နေသော မိသားစုများကို တွေ့ရသလို တစ်နယ်တစ်ကျီးပြောင်းရန်ရှိသော တစ်ကောင်ကြွက်လူသားများကိုလည်း တွေ့မြင်ရသည်။ ငုံးဉ ၊ အချဉ်ပေါင်းစသော ဗန်းများဖြင့် ဝမ်းစာရှာနေကြသော ကလေးများအပြင် အနီးရှိ လက်ဖက်ရည်ဆိုင်မှ စကားပြောသံများလည်း ပျံ့လွှင့်လို့နေ၏။ ဟိုတစ်စု ၊ ဒီတစ်စု အဖွဲ့တွေကြား English ဆရာ သုံးယောက်က ဝရုန်းကို မျက်စိဖြင့် ရှာနေကြသည်။
"Soree ဗျာ....ကျွန်တော် နောက်ကျသွားတယ်"
နောက်ပါးဆီသို့ လှစ်ခနဲရောက်လာသော အသံလေးကြောင့် သုံးယောက်လုံးလှည့်ကြည့်မိကြသည်။ စတစ်ကော်လံအဖြူနှင့် ပုဆိုးခရမ်းကွက်စိတ်ကို ဝတ်ဆင်ထားသော ဆရာက သူ့ Luggage ကို ဆွဲကိုင်လျက်ရှိ၏။
"ရတယ် ဆရာ....တစ်ခုခုစားအုံးမလား"
"အာ တော်ပြီ....ကျွန်တော် အိမ်ကစားခဲ့တယ်....တက်ရအောင်လေ"
သူအသိပေးလာမှ လေးယောက်သား ကားပေါ်သို့ တက်ဖြစ်ကြသည်။ ခုံနေရာအရ လေးယောက်နှစ်ခုံထိုင်ရမည် ဖြစ်သော်လည်း ကားပေါ်မှာကျ ဆရာနောင်ဦးနှင့် မင်းဇေက တွဲလျက်၊ သူနှင့် ဆရာကျော်ထက်က တစ်ယောက်တစ်ကွဲစီဖြစ်နေသည်။ သို့သော်လည်း ကလေးတွေမဟုတ်၍ ကိစ္စမရှိ၊ ကိုယ့်ခုံနေရာတွင် ဝင်ထိုင်လိုက်ကြသည့်အခါ ဝရုန်းရဲ့ခုံဘေးမှ လူက ခြေတံရှည်ကြီးဖြင့် နေရာကို ပိတ်လို့ထားသည်။ Hoodie အဖြူနှင့် မလိုက်မဖက် ပုဆိုးအပြာကွက်စိတ်ကို တွဲဖက်ဝတ်ထားသည့်အပြင် ခေါင်းစွပ်ကြီးကြီး စွပ်ထားလျက် ခေါင်းကို အောက်ငုံ့လျှိုးနေပုံက အိပ်ငိုက်နေသည်များလား။
"ဒီမှာဗျ...နေရာလေးနည်းနည်းဖယ်ပေးလို့ရမလား"
ထိုအခါမှ ခေါင်းစွပ်ကို ချွတ်ချလိုက်ကာ သူ့ကိုပြုံး၍ မော့ကြည့်လာသော မျက်မှန်နှင့်လူ....။
"ဟင်...မင်း"
"ရောက်ပြီလား? အချစ်ကလေး!"
မျက်လုံးပြူးလျက် အံ့သြနေသည်ကိုပင် အပြုံးမပျက်ကြည့်ကာ သွားပင်စိပြလိုက်သေး၏။ ထို့နောက် တစ်ခုခုသတိရဟန်ဖြင့် အနောက်ခုံမှ ဆရာနှစ်ယောက်ဆီသို့ ကိုယ်ကိုလှည့်ကာ...
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....