"မင်းပြန်တော့..."
"မင်းပါမှ ငါပြန်မယ်"
လေးပင်မှုမဲ့စွာဖြစ်သော သက်သက်သာသာစကားမှာ ကြွေ့ရင်ဘတ်ကို လေးလံဖိစီးသွားစေသည်။ သူမအတွေးထဲ ရှက်စိတ်နဲ့ ခံပြင်းစိတ်တို့ မွှန်ထူလာကာ နေရာမှ အငွေ့ပျံပျောက်ကွယ်ချင်တော့တာပဲသိသည်။
"မင်းမပြန်လဲ ငါတို့ပြန်မယ်"
မောင်က ခပ်ပြတ်ပြတ်ဆိုကာ ကြွေ့လက်ကို ဆွဲ၍ ကားဆီပြန်လှည့်မည်လုပ်ချိန် သံယာက မောင့်လက်ဖျံကို တင်းကြပ်ကြပ်ပြန်ဆွဲဆောင့်ထားသည်။ ဤယောက်ျားနှစ်ယောက်၏ အနေအထားကြား အောင့်သက်ပိတ်ဆို့လိုက်မိသော အောက်ဆီဂျင်မှာ ကြွေ့အဆုတ်တွင်း ပြတ်လတ်ချေ၏။
"ငါနဲ့ခဏပဲလိုက်ခဲ့ပေး..."
"မင်းလက်ကိုလွှတ်။ လမ်းမကြီးမှာ ကြွေ့သိက္ခာကရှိသေးတယ်..."
မောင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်၍ သံယာ့ကို အသံအုပ်အုပ်နှင့် သတိပေးသည်။ ထိုအခါ သံယာ့ နှုတ်ခမ်းစွန်းလေးက ရုတ်တရက် တွန့်ကွေးသွား၏။
"သိက္ခာ? တကယ်တမ်းသိက္ခာကို ထိခိုက်တာက ငါမဟုတ်ဘူးလား။ သူ့ရည်းစားကိုငါက ရုပ်ရှင်ကြည့်ဖို့ ခေါ်နေရတာလေ"
အကျယ်တလောင်နှင့် သံယာစကားက ကြွေ့အရှိုက်ကို ဖျင်းခနဲ အောင့်မျက်သည်အထိ ရိုက်ချပြန်သည်။ သူမ ဒီထက်ပို၍ အရှက်မကွဲချင်တော့။
"နင်ဒီလောက်ထိ မျက်နှာပြောင်တိုက်တတ်မှန်းငါမသိခဲ့ဘူး သံယာ။ နင့်ရဲ့ယောက်ျားမာနတွေ ရစရာမရှိအောင် မပျက်စီးခင် ပြန်လိုက်တော့"
"ဘာလဲ နင့်ကောင်လေးကို ငါကစနိုက်ကြော်နေပါတယ်ဆိုပြီး ပတ်ဝန်းကျင်ကြားအောင် အော်မလို့လား။ ဟား လုပ်လိုက်စမ်းပါ...ရှို့သံယာတို့က ဒါမျိုးကို စောင့်နေတာ။ Official ဖြစ်သွားတာပေါ့"
တီ...တီ...တီ
ပိတ်ရပ်ထားသော သူတို့ကားနှစ်စီးကြောင့် အနောက်က ယာဉ်များဆီက ဟွန်းတီးသံတို့ ထွက်လာသည်။ နှစ်ဖက်လုံးက လျှော့မည့်ဟန်မရှိသလို ပတ်ဝန်းကျင်ကပါ တိုးကြိတ်တိုးကြိတ်နှင့် အတင်းချတော့သည်။ သံယာက မဲ့ပြုံးပြုံးလျက်ရှိပြီး မောင်က သံယာ့ကို ခပ်စူးစူးကြည့်ကာ တောက်တစ်ခေါက်ခေါက်ရှိနေသည်။ ကြွေ့မျက်နှာမှာ မီးကျီးခဲရဲရဲလို ပူလာတော့သည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....