အပိုင်း-(၃)

24.8K 2.6K 104
                                    

မန္တလေးမြို့မှ အထင်ကရ အစိုးရကျောင်း၏ ဆယ်တန်း(A) ခန်းတွင် မုန့်စားဆင်း၍ ကျောင်းသား၊ကျောင်းသူများ သောင်းသောင်းဖျဖျ ခြေချင်းလိမ်နေကြသည်။ သံယာကတော့ စာဂျပိုးပီပီ သူ ကောင်းကောင်းနာမလည်သော ပုစ္ဆာတစ်ပုဒ်ကို အသေအချာအာရုံစိုက်၍ တွက်နေသည်။ အဖွဲ့လိုက် ဆူညံနေသော ပြတင်းပေါက်နားမှ ဝရုန်းသိုင်းမာန်၏ စကွက်ကို လျစ်လျှူရှုထားပေမဲ့ သူ့ခုံနှင့် နီးသောအနေအထားကြောင့် ထင်သလောက် အာရုံစိုက်မရ။
 
"မာန်...နင့်နှုတ်ခမ်းဘေးက အချိုင့်လေးက ပါးချိုင့်လေးလား?"
 
ဆယ်တန်းမှ ခင်မင်၍ သူနှင့်ရင်းနှီးနေသည့် ကြွေသင့်ထည်က နှုတ်ခမ်းဘေးမှ သေရာပါဒဏ်ရာကို မထိကိုင်ရုံတမယ် လက်ညိုးညွှန်မေးနေသဖြင့် အရှက်ကို ထိသွားသည့်နှယ် ဝရုန်း မျက်မှောင်တင်းတင်းကြုတ်ထားမိသည်။
 
"အဲ့ဒါ ငါးတန်းတုန်းက သူနဲ့သံယာရန်ဖြစ်တုန်း သံယာက ဆွဲကိုက်ထားတာလေ....နင်မသိဘူးလား အသားပဲ့သွားတာများ ဆေးရုံတောင် ပြေးရတယ်"
 
"ထူးနိုင်"
 
ရှက်စိတ်ဖြင့် သစ်ထူးနိုင်ကို လှမ်းတန့်သံက ဟိန်းခနဲထွက်လာသည်မို့ နံဘေးမှ ကြွေ့ကိုယ်တောင် တုန်သွားရသည်။
 
ဒီအရာလေးက မာန်ပြုံးလိုက်တိုင်း နှုတ်ခမ်းစွန်းထက် ပါးချိုင့်သေးသေးအဖြစ် တည်လာပြီး သိပ်ချစ်စရာလွန်းတာကို ဘာတွေ စိတ်တိုနေလဲမသိ။
 
တစ်ဖက်မှ သံယာသည်လည်း စကားသံများကို အတိုင်းသားကြားနေလျက်  ဝရုန်းသိုင်းမာန်၏ ကျရှုံးခန်းကို သနားစိတ်ဝင်ချင်သော်လည်း သူဟာရှို့သံယာဖြစ်သည်။ ထို့ကြောင့် ကိုက်ဖဲ့ပစ်ခဲ့သည့် ကိုယ့်သွားဖြူဖြူလေးကိုတောင် ရွှေချလို့ရလျှင် ချထားချင်မိ၏။
 
_____________
 
သံယာသည် ကျောင်းရှေ့ သရက်ပင်အောက်မှ သူ့စက်ဘီးနီနီလေးကို ခပ်မြန်မြန်တွန်း၍ထုတ်လာခဲ့သည်။ ညနေကျောင်းဆင်းချိန်မို့ အိမ်ပြန်ကြသော ကျောင်းသား\သူ များနှင့် ကျောင်းဝန်းဟာ အတန်ငယ် ရှုပ်လို့နေသည်။ အိမ်နှင့်ကျောင်း နီးတာကတစ်ကြောင်း ၊ ကိုယ့်အားကိုယ် ကိုးချင်တာက တဖန် သူစက်ဘီးဖြင့်သာ ကျောင်းသွားကျောင်းလာပြုသည် ..... ဆိုတာမျိုးမဟုတ်။
 
သူနှင့် အပြိုင် စက်ဘီးသုံးသော ဝရုန်းသိုင်းမာန်ကလည်း တစ်ဖက်ဗန်ဒါပင်ဆီမှ သူ့စက်ဘီး အနက်ရောင်ကို ခပ်သွက်သွက်ထုတ်လာတာကို မြင်လိုက်ရသည်။
 
အပင်ကြီးနှစ်ပင်ကြား အလယ်ရှိ အုတ်ခုံမှကျော်၍ တစ်ယောက်နှင့်တစ်ယောက်အကြည့်ဆုံဖြစ်ကြသည်။ နှစ်ယောက်လုံး စက်ဘီးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ အကွာအဝေးတူညီလှသော ဝင်ပေါက်ဆီသို့ မျက်နှာမူ၍ ဘီးပေါ် ခုန်အတက်.....
 
"သံယာ"
 
နောက်ဖက်ဆီမှ ကျယ်လောင်လှသော သူ့နာမည်အော်ခေါ်သံ။ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိတော့ ဆယ်တန်း(A)ခန်း၏ ပေါ်ပြူလာအဖြစ်ဆုံး အမျိုးသမီးလေး ကြွေသင့်ထည်။
 
"ဝှီး...ဟီးဟီး"
 
"ငါ-ိုးမသား"
 
သူ့စက်ဘီးကို ကျော်တက်သွားသော ဝရုန်းသိုင်းမာန်၏ လှောင်ပြောင်သံအဆုံး အားကျမခံ အမီလိုက်နင်းမည်ကြံသော်လည်း စက်ဘီးလက်ကိုင်ပေါ်သို့ ခပ်တင်းတင်းဆုပ်ကိုင်လာသော လက်တစ်ဖက်။
 
"ဟာ...ကြွေ နင်ဘာလုပ်တာလဲ။ ဟိုကောင် ငါ့ကိုကျော်သွားပြီ ဖယ်....ဖယ်"
 
"ခဏလေးပါ....သံယာရယ် ၊ ငါနင်နဲ့စကားပြောစရာလေးရှိလို့ပါ"
 
နောက်လှည့်ကြည့် လှည့်ကြည့် ဖြင့် သူ့ကိုလျှာထုတ်ပြောင်နေသော စက်ဘီးသမားကို အံကြိတ်ကြည့်ခြင်းငှာ တတ်နိုင်တော့၏။ ကြွေသင့်ထည်က မိမိစက်ဘီးကို ဆုပ်ကိုင်ထားပြီး မျက်နှာငယ်လေး လုပ်နေသည်ကား နံဘေးမှ သူမကိုလိုက်နေသော ငနဲတစ်သိုက်၏ ခပ်စွေစွေ အကြည့်ပါခံလိုက်ရသည်။
 
"လုပ်ပါ....သံယာရယ် ။ ခဏလေးပါ"
 
ခုချိန်မှာတော့ ဝရုန်းသိုင်းမာန်ကိုလည်း သူလိုက်မမီတော့...။ ခေါင်းကို နာနာကုတ်၍သာ....
 
"နင်အိမ်ပြန်မှာမလား? တက်...ငါလိုက်ပို့မယ်"
 
ယနေ့ ကြွေသင့်ထည်၏ မိဘများမအားလပ်၍ သူမက Taxi ဖြင့်ပြန်မည်ဟု ကြားထားရသောကြောင့် သူ အိမ်လိုက်ပို့ပေးရန် ဆုံးဖြတ်ခဲ့သည်။
 
"ဝေး...."
 
ထိုအခါမှ မယ်မင်းကြီးမက စက်ဘီးနောက်ခုံပေါ်သို့ ဆွေ့ခနဲ တက်ထိုင်ရင်း....
 
"မောင်းတော့...."
 
"အေး...."
 
စက်ဘီးကို နာနာနင်း၍ ကျောင်းဝန်းထဲမှ ထွက်လာခဲ့တော့သည်။ ကြွေသင့်ထည်၏ အိမ်က မိမိနှင့် လမ်းမသင့်သော်လည်း ခပ်လှမ်းလှမ်းရှိသော သူမအိမ်ကိုသာ အရင်နင်းပေးဖြစ်သည်။ အိမ်ပြန်ရောက်လျှင် ဝရုန်းသိုင်းမာန်၏ ပြောင်တောင်တောင်မျက်နှာဘေးကို လှမ်းမမြင်ချင်တာလည်း ပါမည်။
 
"ကဲ...ပြောပါအုံး"
 
"နင်နဲ့ မာန်နဲ့က ငါးတန်းကတည်းက ခင်တာဆို"
 
"ခင်တာမဟုတ်ပါဘူး....သိတာ"
 
သူ ပြန်ချေပတော့ အနောက်မှ ကြွေက ခပ်ဖွဖွရယ်၏။
 
"မာန်က ဘာတွေ ကြိုက်တတ်တာလဲဟင်"
 
"ဟဲ့...ငါကဘယ်လိုလုပ်သိမှာတုန်း ၊ သူ့လိုက်ကြည့်နေတာမှ မဟုတ်တာ"
 
"ဟယ် နင်ကလဲ....ဘာပဲဖြစ်ဖြစ် နင်ကမာန်နဲ့ ခြောက်နှစ်တောင် သိလာတာလေ....သူ့အကြောင်း နည်းနည်းလေးတောင် မသိဘူးလား"
 
"မသိဘူး" ဟု ဖြေလျှင် သံယာ့အတွက် လိမ်ရာကျမည်။ တစ်ယောက်နှင့်တစ်ယောက် မည့်သည့်အကွက်ကို ချောင်း၍ ညှဉ်းပန်းရမလဲ စဉ်းစားနေကျ သူတို့နှစ်ယောက်အတွက် တစ်ယောက်အကြောင်း တစ်ယောက်ကို တခြားသူများထက်စာလျှင် ပိုသိပါသည်။ သို့သော် ဝရုန်းသိုင်းမာန်အကြောင်းမေးသော တစ်ပါးသူကို ထိုကောင့်၏ ငယ်သူငယ်ချင်းကြီးလိုမျိုး ဖောက်သည်ချခြင်းဟာ သံယာ့အတွက် သိပ်မအက်စပ်။
 
"ပြောပြပါဟယ်...ငါနင့်ကိုမုန့်ဝယ်ကျွေးပါ့မယ်"
 
"ဟေ....တကယ်လား"
 
သူဖြတ်မောင်းလာ​သော ကားလမ်းလွန်၍ မြက်ပင်ရိုင်းများပေါက်နေသည့် လူသူမရှိသော လမ်းကျယ်ကျယ်အထိ ကြွေသင့်ထည်၏ အိမ်က ဝေး၏။ ဝှေ့ခနဲ ဖြတ်တိုက်လာသော လေပြည်များက မပြင်းသော်လည်း အေးသည်။ အလယ်ဆီမှ ဘေးနှစ်ဖက်သို့ စနစ်တကျ ခွဲသင်ထားသော သံယာ့၏ ဆံပင်ဖြောင့်များက ရှုပ်ထွေးနေလေပြီ။
 
"အေး....မုန့်ဈေးတန်းမှာ နင်ကြိုက်သလောက် စား...ငါကျွေးမယ်"
 
"အေး...အဲ့ဒါဆို ငါပြောပြမယ်....ဒီ့ကောင့်ကို မန္တလေးသားဖွားဆေးရုံကြီးမှာ ၁၉၉၆ခု ဒီဇင်ဘာလေးရက်နေ့မှာ မွေးတယ်"
 
"ဟုတ်ပြီ..."
 
သူတစ်ပါး၏ မွေးနေ့သက္ကရာဇ်ကို မှတ်လေ့ရှိသော်လည်း မေမေအမြဲပြောနေကျ ဝရုန်းသိုင်းမာန်ကသူ့ထက် တစ်လတိတိကြီးသည်ဟူသော နိုင်ကွက်ကြောင့် ဒေါသဖြစ်စွာနှင့် မှတ်မိနေခဲ့သည်။
 
"ဒီကောင်ရဲ့ အဖေက စီးပွားရေးလုပ်ငန်းရှင် ၊ သူ့အမေကတော့ အိမ်မှာပဲနေတယ် ။ ငါ့မိသားစုနဲ့ သူ့မိသားစုက ငါတို့မမွေးခင်ကတည်းက ခင်ကြတာ...ဒါပေမဲ့ ငါတို့ ငါးတန်းလောက်မှ သူ့အဖေနဲ့ ငါ့အဖေက မြေကွက်ကပ်လျက် တူတူဝယ်ပြီး ခုငါတို့ရပ်ကွက်မှာ နေဖြစ်သွားတာပဲ"
 
"ငါတို့" ဟု သတိလက်လွှတ်ပြောနေမိသည့်တိုင် တစ်ခါပြောထွက်ပြီးတိုင်း ကိုယ့်ပါးစပ်ကိုယ် ပိတ်ရိုက်ချင်မိသည်။ အနောက်မှ ဒေါ်ကြွေသင့်ထည်ကတော့ ကြားသည်လား ၊ မကြားသည်လားမသိ....တခီခီနဲ့ပင်။
 
"ဆက်ပြောလေဟာ..."
 
"အေး....အဲ့ကောင်က အသားမဲတယ် ငါကဖြူတယ်"
 
"ဟယ်...ညိုတာပါဟယ်...အဲ့လိုမပြောပါနဲ့။ မာန်က ညိုလဲ ချောတယ်ဟ"
 
"အမယ်လေး" တ လိုက်မိသည်။ မဲသဲနေတာ ဒီလောက်သိသာပေမဲ့ ကြွေသင့်ထည်က မွှန်နေလို့ သတိမထားမိတာပဲ ဖြစ်မည်။
 
"ပြီးတော့ သူက အစပ်ကြိုက်တယ် ၊ အချဉ်လဲ ကြိုက်တယ်။ လက်ဖက်ရည်လဲ အရမ်းသောက်တယ်။ ဪ....သူက ခရမ်းချဉ်သီးနဲ့တော့ မတည့်ဘူး"
 
"အေး...အေး"
 
သူနှင့် အကုန်ဆန့်ကျင်ဖက်ဖြစ်သည့် အခြင်းအရာများ ထည့်သွင်းပြောရသည်ကို ဘာကြောင့်မှန်းမသိ ကောင်းကောင်းကျေနပ်မိ၏။
 
"သူ့မှာ အစ်ကိုတစ်ယောက်ရှိသေးတယ်...ဝရုန်းသိုင်းဟန်တဲ့ ။ အကိုကတော့ သူနဲ့တခြားစီပဲ....ချောတယ် ပြီးတော့ လိမ္မာတယ်....အကိုက သင်္ဘောသား ဆိုတော့ သင်္ဘောနားတဲ့ရက်တွေပဲ အိမ်မှာ ရှိတတ်တယ်"
 
"ဪ...ဒါနဲ့လေ"
 
"အေး"
 
"မာန့်မှာ ရည်းစားတွေဘာတွေရောရှိလား"
 
"ဘယ်ရှိမှာလဲ .. သူ့လိုကောင်ကို ဘယ်သူ့မှမကြိုက်ဘူး ။ အယ့်...."
 
ထိုအခါမှ သံယာ သတိထားမိသည်။ မဟုတ်မှလွဲရော ကြွေသင့်ထည်က....
 
"ဟဲ့....နင်ဝရုန်းသိုင်းမာန်ကို ကြိုက်နေတာလား"
 
ကြွေသင့်ထည်၏ အိမ်ရှေ့သို့ စက်ဘီးလေး ဆိုက်သည်နှင့်တစ်ပြိုင်နက် ထောက်ကို ထောက်ပြီး အနောက်သို့ လှည့်မေးလိုက်သည်။
 
"ဟာ...တော်ပြီ ငါအိမ်ထဲဝင်တော့မယ်...."
 
ဘယ်အချိန်ကတည်းက ရှက်နေသလဲမသိ၊ ခု မြင်ရမှ ဒေါ်ကြွေသင့်ထည်၏ မျက်နှာပြင်တစ်ခုလုံးက နီရဲ၍နေသည်။ ခါးထိရှည်သည့် ဆံပင်ကို ကျစ်ထားသော ကျစ်ဆံမြှီးလေးများကလည်း လေအရှိန်နှင့် အနည်းငယ်ဖွာနေသည်။ စက်ဘီးပေါ်မှ ဆင်းလိုက်ရင်း...
 
"လိုက်ပို့ပေးလို့ ကျေးဇူးပဲနော် သံယာ.....နောက်နေ့တွေလဲ ထပ်ပြောပြအုံး"
 
ဟုဆိုကာ သူမတို့ ခြံထဲသို့ ခပ်သွက်သွက်ပြေးဝင်လျှင်....
 
"ဟဲ့...နေအုံး"
 
သူ့ခေါ်သံမာမာကြောင့် သူခိုးလူမိသွားသလို မျက်နှာနှင့် မဝံ့မရဲ လှည့်ကြည့်၍လာသည်။
 
"ဘာ...ဘာလဲ? နင်ထင်နေတာ မဟုတ်ပါဘူးဆို"
 
"ငါက မုန့်ဝယ်ကျွေးဖို့ မမေ့နဲ့လို့ ပြောမလို့ပါဟာ....ဟားဟားဟား"
 
"ဟာ....သေနာကောင်...မမေ့ဘူး ပြန်တော့"
 
သူ့ကို ကျိန်ဆဲ၍ အရှက်သည်းစွာ ခြံတံခါးတောင် မပိတ်နိုင်ဘဲ အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်။ သူငယ်ချင်းမ၏ ဝရုန်းသိုင်းမာန်နွံနှစ်နေပုံကို ကြည့်ပြီး ခေါင်းရမ်းရယ်နေမိသော်လည်း....စိတ်ဘဝင်မကျမှု အနည်အချို့မှာကား ချစ်ဖို့ကောင်းသည့် ကြွေသင့်ထည်ကို  ဒီလိုကောင်လက်ထဲ ထည့်ဖို့ နှမြောနေမိသည် ထင်ပါသည်။
 
___________________
 
၂၀၂၃ ခုနှစ် ..
 
"အမေတို့ရော...ကြွေ"
 
စားပွဲပေါ်မှ ရေတစ်ခွက်ကို မော့သောက်ကာ ကြွေ့ကို အမေးပြုလာပုံက စိတ်ဘောင်ဘင်တို့အနည်းငယ် ငြိမ်သက်သွားသည့်ဟန်။
 
"အမေနဲ့အဖေက ဓမ္မာရုံ က ပြန်မလာသေးဘူး မောင်....မောင် ထမင်းစားချင်ပြီလား"
 
"မစားတော့ဘူး...ကြွေပဲ စားလိုက်တော့....မောင်နားတော့မယ်...."
 
"ဟုတ်ကဲ့ မောင်"
 
သံယာ့အကြောင်း မောင်ထပ်မပြောသလို ကြွေလည်း တစ်ခွန်းမှမဆိုဖြစ်ပါ။ အိပ်ခန်းထဲသို့ တရွေ့ရွေ့ဝင်သွားသော မောင့်နောက်လိုက်၍ ထပ်မံနှစ်သိမ့်ပေးချင်သော်လည်း မောင်က သူ့အခန်းထဲကို ဝင်တာ မကြိုက်။ သက်ပြင်းကို ခပ်ဖြည်းဖြည်းချ၍သာ လိုအပ်သည်မဆိုရဲသော အတွေးရထားများကို အမောင်းနှင်မိသည်။
 
ကြွေ မောင့်ကို ဆုံးရှုံးရဦးမှာလား...
 
_______________
 
(ဝရုန်း...ငါတို့ မနက်ဖြန် ဘယ်ချိန်တွေ့မလဲ)
 
ညအိပ်ခါနီး Facebook ခဏအသုံးပြုနေသော အချိန်တွင် နံပါတ်စိမ်းဖြင့် ဝင်လာသော ဤ message က ဘယ်သူ့ဆီမှဆိုသည်မှာ စစ်မေးနေစရာပင် မလို။
 
(မင်းဘယ်လိုဖြစ်နေတာလဲ)
 
(မင်းပဲ ငါနဲ့ စကားပြောဖို့ လက်ခံထားတယ်လေ ။ ငါသိတဲ့ ဝရုန်းက လွယ်လွယ်ကတိဖြတ်တတ်တဲ့ လူမျိုးမဟုတ်ဘူး)
 
(ရှို့ရာ....)
 
မတော်တဆ...မတော်တဆ ထွက်ပြောမိသည့် စကားသံအား ကီးဘုတ်ပေါ်က လက်ချောင်းများက အလိုက်မသိစွာ ဖော်ဆောင်သည့်အခါ တစ်ဖက်လူ ပြုံးသွားမည်ဆိုတာ အလိုအလျောက် သိနေသော နှလုံးသားက အစိမ်းကွဲ ကွဲရသည်။
 
(ငါအဲ့နာမည်လေးကို လွမ်းနေတာ....မင်းကလွဲပြီး ငါ့ကို ဘယ်သူ့မှ အဲ့လိုမခေါ်ဘူး) တဲ့လေ...။
 
(မနက်ဖြန် နေ့လယ် 12 နာရီဆို ငါ့သင်တန်းဆင်းမယ်....Season ကို လာခဲ့)
 
(အေး...ကျေးဇူး)
 
တိတိရိရိပိုင်းဖြတ်ထားသည့် လက်သည်းကြည်ကြည်များကို အလိုမကျစွာ ကိုက်နေမိသည်။ ဝရုန်း၏ စိတ်တွေ မတည်ငြိမ်တော့။
 
ရှို့က သူ့ကို ဘာပြောမှာလဲ...
 
သူတို့နှစ်ယောက်ကြားမှာ ဘာပြောစရာများရှိနေလို့လဲ...
 
တွေးရင်း တောရင်း ချွေးပြန်လာသည်။
 
(စောစောအိပ်နော်)
 
Noti တက်သံနှင့်အတူ ဆတ်ခနဲယူကြည့်မိသော ဖုန်းမျက်နှာပြင်ပေါ်မှ မပြီးဆုံးနိုင်သေးသော အမျှင်တန်းမှုများ။
 
မနူးမနပ်အရွယ် ဆယ်ကျော်သက်လေးမဟုတ်သည့်တိုင် တစ်ဖက်သူဆီမှ message ကို ရင်တတုန်တုန်ဖြင့် ဖတ်နေရသည်က  မဟုတ်သေး။
 
(ငါမင်းကို ချစ်တယ်)
 
မျှော်လင့်သည်ဟု မဆိုရဲသော်လည်း တောင့်တနေသော စာတိုလေးကြောင့် မျက်ရည်တစ်စက်ဟာ ပါးပြင်ပေါ် ပေါက်ခနဲ....။ အသိစိတ်နှင့် ဆန့်ကျင်စွာ ပြုံးမိသွားသော နှုတ်ခမ်းပါးကြောင့် အကြင်သူမိန်းကလေးအပေါ် သစ္စာဖောက်မိသလို ခံစားလာရခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ် ထုရိုက်ပစ်ချင်စိတ်များကလည်း တဖွားဖွား....။
 
အမှတ်သည်းခြေမရှိလိုက်တာ ဝရုန်းသိုင်းမာန်ရယ်....။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now