အပိုင်း-(၁၈)

14.5K 1.8K 195
                                    

မန္တလေးမြို့၏ ပြယုဂ် ပတ်လမ်းတလျှောက်မှာ အရိပ်လေးတစ်စုံ လှုပ်ရှားပြေးလွှားနေသည်။ မြူတို့ဆိုင်းမှုန်သော ဝေလီဝေလင်းဖြစ်သည့်တိုင် ကျုံးတစ်ခုလုံး ထသွားထလာ လူများဖြင့် နေရာအနှံ့ တဖွဲဖွဲ ကျရောက်နေသည်။ အိမ်မွေးတိရစ္ဆာန်လေးများကို ထိန်းကျောင်းသူများက လမ်းလျှောက်ကျောင်းကြသလို လူကြီးသူမအချို့ကလည်း နံနက်ခင်းအားကစားလာလုပ်ကြသည်။ စက်ဘီးစီးလူငယ်များက တသွယ် ၊ ကိုယ်ကာယအားကစားလုပ်သူ အမျိုးသမီးများက တစ်ဖုံနှင့် မန္တလေးကို အစွမ်းကုန် အလှဆင်နေကြသည်။

ထိုသူများထဲ အပါအဝင်ဖြစ်သော သူတို့နှစ်ယောက်သည်လည်း ကျုံးတစ်ပတ် ခပ်ဖြည်းဖြည်း ပြေးလွှားနေကြသည်။ နေပြန်ကောင်းခါစ သံယာ့သည် သူ့အား အခေါ်တော်ပါးလာသော ဝရုန်းစိတ်တိုင်းကျ လာပြေးပေးခြင်းဖြစ်သည်။ လမ်းတစ်ဝက်ကျော်လောက်ရောက်သည့်အခါ ကပ်လျက်မှ ဝရုန်းက သံယာ့ဖက်စောင်းကြည့်လာသည်။ သံယာ၏ ဖြူဆွတ်ဆွတ်နဖူးတွင် ကပ်ငြိနေသော ချွေးစတို့ကို မြင်တော့ ခပ်လျော့လျော့ပြုံးလိုက်ကာ....

"ခဏနားရအောင်...."

သံယာလည်း မောနေပြီမို့ ခေါင်းညိမ့်လက်ခံကာ လူရှင်းသော နေရာက ခုံတန်းတွင် ဝင်ထိုင်လိုက်ကြသည်။ နေအလင်းပွင့်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းရှင်းနေသည့်အပြင် လေညှင်းနုနုတို့က တလှပ်လှပ်နှင့် အပူအအိုက်သက်သာစေသည်။

"ရော့!"

သယ်လာသော အားကစားရေဗူးကို သံယာ့အား အရင်ကမ်းပေးလိုက်သည်။ ရေသောက်လိုက်တိုင်း လှုပ်ခတ်သွားသော လည်စိလေးကအစ ဝရုန်းအတွက် နှစ်လိုဖွယ်ကောင်း၏။

ဒီနေ့ဟာ ဝရုန်းဘဝအတွက် အကြီးမားဆုံး ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချမှတ်နိုင်သော နေ့ဖြစ်သလို ယောက်ျားတစ်ယောက်၏ နှလုံးသားကို စတင်ဖွင့်ဟမည့် နေ့လည်း ဖြစ်သည်။ စောသေးမှန်း ၊ မလိုအပ်သေးမှန်း သိသည့်တိုင် မတည်ငြိမ်သော စိုးရိမ်စိတ်များက သူ့ရင်ကို ပူစေသည်။ အချစ်ဦးမို့ ရူးသည်ထင်၏။

"ရှို့..."

ကျုံးရေပြင်သည် မျက်စိတဆုံးမဟုတ်ပါ။ သို့သော် မြင်ကွင်းအပြည့်ဖြစ်သည်။

ကောက်ရိုးမျှင်(Hay)(Completed)Where stories live. Discover now