၂၀၁၂ ခုနှစ်..
ညနေမမည်သော ညနေတွင် သစ်ပင်ကြီးကြီးကို မှီ၍ ကောင်လေးတစ်ယောက် ခြေဆင်းထိုင်နေသည်။ သူ့ ခြေထောက်မှ ဒဏ်ရာက တဆစ်ဆစ်ကိုက်လာသည်မှာ အေးသော မြေကြမ်းခင်းကြောင့် ဖြစ်မည်။ ကိုင်ကျိုးနေသော မျက်မှန်လေးကို ကျိုးနေသည့်နေရာအား လက်ဖြင့် မကိုင်ကာ တပ်နေရရှာသည်။ နံဘေးမှ သော့တန်းလန်းနှင့် ဆိုင်ကယ်အနက်လေးကို သော့ထဖြုတ်ချင်သော်လည်း သူမတ်တပ်ရပ်ဖို့ အဆင်မပြေလှ။
လူသွားလူလာအနည်းငယ်ရှင်းသဖြင့် ကလေးပီပီ ကြောက်စိတ်ခပ်ပါးပါးဝင်လာသည်။ သူနှင့် တစ်ပြလောက် အကွာအဝေးမှာတော့ ဗယာကြော်သည်ကုလားကြီးက အကြော်တွေကို ကြော်လှော်နေသည်။ မျက်နှာချင်းဆိုင် တစ်ဖက်လမ်းမှ ဆိုင်ခန်းများမှာလည်း ဝယ်သူတို့ ခပ်ကျဲကျဲ။
သို့ရာတွင် ရှို့သံယာဟာ ဆယ့်ခြောက်နှစ်အရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။ ဘာမှကြောက်နေစရာမလိုဟု စိတ်ကိုတင်းထားသော်လည်း မျက်ဝန်းထက် ဝေ့ဝိုင်းလာသော အရည်ကြည်များက အလိုက်မသိပေ။
"မေမေ....ဖေဖေ...."
ကူကယ်ရာမဲ့သလို တီးတိုးရေရွတ်မိပြီးမှ ချန်ထားခဲ့သူ ဝရုန်းသိုင်းမာန်ကို သတိရလာသည်။ မပြောပလောက်တဲ့ ကူညီမှုတောင် မပေးသွားသော ကောင်....သူတစ်ယောက်တည်း အိမ်ပြန်သွားပြီး သံယာ့ကိုကျ ဒီမှာ ကျီးထိုးထိုးခွေးစားစား ပစ်ထားခဲ့သည်။
အင်းလေ....ဘာပဲဖြစ်ဖြစ် သူက ဝရုန်းသိုင်းမာန်ဖြစ်ပြီး သံယာက ရှို့သံယာပဲ။ ထိုသတိကို ချပ်မိပြန်တော့ ဝရုန်းသိုင်းမာန်က ရှို့သံယာကို ကူညီစရာအကြောင်းမရှိ ဟုသာ စိတ်ထဲ တွေးမိသည်။
"ငါ-ိုးမသား....ကျက်သတုံးကောင်"
နံဘေးမှ သစ်သားချောင်းလေးဖြင့် မြေကြီးကို ခြစ်ကာ "ဝရုန်းသိုင်းမာန် မအေ-ိုး" ဟု ရေးခြစ်ဖြစ်သေး၏။
တစ်ယောက်တည်း အဖော်လေးများရမလား မျှော်လင့်ချက်ဖြင့် ဘေးဘီဝဲယာဝေ့ကြည့်မိတော့ သံယာနှင့် ခပ်လှမ်းလှမ်းလမ်းထိပ်အုတ်ခုံတွင် အုပ်စုဖွဲ့နေကြသော လမ်းသရဲတစ်စု။
"လူကို ရိုက်ပြီး ဆိုင်ကယ်ကိုပဲ လုသွားမလား"
လွန်ခဲ့တဲ့ တစ်ပတ်က အိမ်က ဝယ်ပေးခဲ့သော စကူတာအနက်လေးကို ငဲ့ကြည့်မိ၍....
"ဝတ်ထားတွေပဲ ချွတ်ယူသွားမလား"
လက်ကောက်ဝတ်မှ ဖေဖေမွေးနေ့လက်ဆောင် ပေးထားသော တန်ဖိုးကြီးနာရီလေးကို ယောင်ယမ်းကိုင်မိပြန်သည်။
မဖြစ်...အဲ့လို လုံးဝမဖြစ်ရ။
ဆိုင်ကယ်သော့ကိုတော့ ဖြုတ်ထားရမည်။
နောက်ကျောမှ သစ်ပင်ကို အားပြုထလိုက်၍ ကောင်းနေသေးသော ခြေတစ်ဖက်ဖြင့် လှုပ်ရှားရန် ကြံသည်။
"အား...အား"
မြေကြီးနှင့် တစ်ဖက်ခြေထောက် ယောင်ယမ်းထိမိသည့်အခါ နာကျင်မှုက အရိုးထဲထိ စိမ့်တက်လာသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....