"ငါမင်းကို လွမ်းနေတာကွာ"
ကျစ်...
လက်စွပ်လေးကို ပွတ်ကိုင်နေရင်း ဆိုလာသည့် စကားဟာ ထုံးစံအတိုင်း အက်ရှနေသည်။ သူ့ဖက်ပဲ ကြည့်ကာ ကိုယ့်ကို ဗီလိန်ဇာတ်မသိမသာသွင်းနေခြင်းကို လိုက်ယောင်နေရတာ ပင်ပန်းလှပြီ ဖြစ်၍ ဝရုန်းသည်းမခံနိုင်တော့ပေ။ ဆွဲကြိုးကို မိမိဖက် ပြန်လည်ဆွဲယူရင်း ခပ်ဟဟ ရယ်လိုက်သည်။
"မင်းပဲ ခံစားတတ်တာလား?"
"....."
"မင်းပဲ နာကျင်တတ်တာလား?"
"....."
"မင်းထားခဲ့တာ ခံရတဲ့ ငါကရော?"
"ရုန်းလေး...."
"မင်းမချစ်တော့တဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ငါ့ကိုယ်ငါဘယ်လောက်ထိ စက်ဆုပ်မိသလဲ မင်းသိလား?"
ခံစားချက်တွေ နက်နဲပြင်းထန်လာမှန်း သံယာ့မျက်ဝန်းထဲမှ နီရဲရဲသွေးကြောအချို့က အဖြေဖော်သည်။ လက်စွပ်လွတ်သွားသော လက်ချောင်းများမှာ ရှိုက်သံရောနေသည့် အသံထက်ဝယ် တုန်ခိုက်နာကျင်လာရသည်။ ဝရုန်းငိုနေသည်။ ပုခုံးစွန်းမှ ဖိကိုင်ကာ သူ့ဖက်ဆွဲလှည့်တော့ အလိုက်သင့်ပါလာတဲ့ ကောင်ငယ်လေးက တကယ်ကို ငိုကြွေးနေလျက်ပေ။
ဘုန်း....
ပစ်ဝင်လာသော လက်သီးချက်က သံယာ၏ရင်ဘတ်တည့်တည့်သို့။ ဝဲဖက်နှလုံးသားတည်ရာဆို ပိုမှန်ပါလိမ့်မည်။ ယောက်ျားတစ်ယောက်၏ အားနှင့်သာမက နာကျဉ်းချက်များပါ မွှေနှောက်ပါဝင်သည်မို့ အောင့်သက်နာကျင်သွားမှုက တိုင်းဆမရ။
ဘုန်း....
"မင်းသိလား? ငါ့ဘာလို့မိန်းမတစ်ယောက်အဖြစ် မွေးဖွားမလာတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရွံရှာနေခဲ့တာ"
ဘုန်း....
ထုနှက်လာသော လက်သီးချက်များကို သံယာမရုန်းရဲပါ။ သူနာကျင်လို့ ဝရုန်းစိတ်ပြေမယ်ဆို သူ့တစ်ကိုယ်လုံးမီးမြှိုက်ခံလိုက်ချင်သည်။ ထိုးပါစေ....သူပေးခဲ့တဲ့ ဒဏ်ရာက အစိမ်းသက်သက်ဖြစ်ခဲ့ပေကိုး။
ဘုန်း....
ရင်ဘတ်ကျယ်တွင်း အစုန်အဆန်တိုက်ခိုက်နေသည့် လက်သီးဆုပ်များကို သံယာဖွဖွအုပ်ကိုင်လိုက်သည်။ ငိုတဲ့ကလေး ချော့မှ ပိုသည်းဆိုသလိုမျိုးလားမသိ၊ အမုန်းသည်းစွာ ထုရိုက်နေသူက သူ့ရင်ခွင်ထဲ တိုးဝင်လို့ ပိုပိုရှိုက်လာပါသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....