အောက်ထပ်သို့ ပြေးဆင်းသွားသော သူ၏ ခြေလှမ်းများက ပေါ့ပါးမြန်ဆန်နေသည်။ အိမ်မက်လော တကယ်လော ပူပန်စိတ်ဖြင့် လူမှာ အစိုးမရ။ ပုံရိပ်ယောင်ဖြစ်နေပါက ဘယ်နှယ့် လုပ်မနည်း။
ခြံဝ၌ ဝရုန်း။ သူ၏ ဝရုန်းဧကန်ပင်တည်း။
သူ ထီးကို တင်းတင်းဆုပ်ကာ ပြဲပြဲစင်သော မိုးရေများကြား တိုးဝင်မိသည်။ ခြံတံခါးကို သူ ဖွင့်လျှင် ရှေ့တည့်တည့်က ရုန်းမှာ နောက်ကို တစ်လှမ်း ဆုတ်ခွာ၏။
"ရုန်း ! မင်း ဘယ်လိုလုပ်"
ခွပ် ...
ထီးကို မိုးပေးမည်ပြုစဉ် သူ့ ပါးစောင်ရိုးသို့ လက်သီးချက်က အပြေးဝင်သည်။ အားဖြင့် သူ့ မျက်နှာလည်ထွက်သွားသော်လည်း ဝရုန်း၏ ဦးခေါင်းပေါ် ထီးကို မရမက မိုးပေးမိဆဲ။
"မင်း ေ-ာက်သုံးမကျတဲ့ ကောင်!!!"
ဝရုန်းက သူကိုင်ထားသော ထီးကို ဆောင့်ဆွဲ လွှတ်ပစ်သည်။ ထို့နောက် သူ့အား ကော်လံစမှ ညှစ်ကိုင်၍ မျက်နှာကို စူးရဲနေအောင် စိုက်ကြည့်သည်။
"မင်းငါ့ဘဝထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက် !!! မင်းအဲ့လို လုပ်ရဲလား ဟေ့ကောင် !! မင်းငါ့ကို ထပ်ပြီး သစ်စိမ်းချိုးချိုးဖို့ ကြံစည်ရဲတယ်ပေါ့ ဟမ်"
ဝရုန်း၏ မျက်နှာမှာ မိုးစက် မိုးပေါက်များဖြင့် ရွှဲစိုနေကာ ဒေါသမာန်ဟုန် ပြင်းပြင်းပြပြ တောက်လောင်နေသည်။
ဒါကို တမ်းတမ်းတတ ငေးနေဆဲ ဝရုန်းက သူ့ရင်အုံကို တရစပ် ရိုက်ပုတ်လာသည်။
မိုးသည်းည၌ ပက်လက်ကျနေသော ထီးငယ်ဘေးက သူတို့နှစ်ဦးမှာ ရုန်းရင်းဆန်ခတ်။
"မင်းကို ငါ ေ-ာက်ရမ်းချစ်တယ် ရှို့သံယာ !!! ငါမင်းကို သေလောက်အောင် ချစ်တယ်ဆိုတာ မင်းသိရက်နဲ့ အား !!! "
ဒေါသထွက်နေသော ယောက်ျားတစ်ယောက်၏ အားကြောင့် ရိုက်ချက်များက နာကျင်လှသည်။ သို့တိုင်အောင် သူမမှု။ ထိုလက်များကို အတင်း ချုပ်ထိန်းပြီး ဝရုန်းကို ရင်ခွင်ထဲ ဆွဲပွေ့ပစ်လိုက်သည်။
သည်လိုကျလည်း ငြိမ်သည်မဟုတ်။ ခါးကို ကျိုးမတတ် ဖက်တွယ်ကာ သူ ပင်ပန်းသမျှ ဖွင့်ထုတ် ငိုယိုနေသည်။
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....