"မင်းကို အဲ့လိုလူမျိုးမှန်းမထင်ထားခဲ့ဘူး လက်ယာ"
ဦးလက်ယာသည် သူ၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ဦးမာန်မြင့်ကို စိတ်မသက်သာစွာ ကြည့်လိုက်သည်။သနားဖို့ကောင်းလိုက်သည့် လူ။
"ကျွန်တော့်နေရာမှာ တခြားသူဆိုလဲ ဒီလိုလုပ်ဖြစ်မှာပဲ ဦးမာန်"
မာန်မြင့်၏ မျက်လုံးများက ခံရခက်စွာ မှေးကျဉ်းသွားသည်။ သူ့ခေါင်းထဲတွင် အတွေးတို့ ပြည့်နှက်နေသည်။ လောင်းကစားကြောင့် ပြိုပျက်သွားတဲ့ စီးပွားရေး ၊ ခက်ခဲလာတဲ့ အိမ်ထောင်ရေး နှင့် လစ်လပ်နေတဲ့ အိမ်ထောင်ဦးစီးတာဝန်။ ဒါတွေက သူ့ကို အစဉ်အမြဲဖိအားပေးနေလျက်ရှိသည်။
နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သည့် လက်ယာကပါ သူ့အား လက်တွဲဖြုတ်ချသွားသည်။
သူဘာလုပ်နိုင်မလဲ ဆိုတာထက် သူဘာလုပ်ရမလဲ။ ခုချိန်၌ သူ့တွင် လုပ်နိုင်တာမရှိတော့ပါ။
"စဉ်းစားပေးပါအုံး လက်ယာ ၊ ငါ့မှာ မင်းပဲရှိတော့တာ"
နောက်ဆုံးရိုကျိုးမှုကို သူ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်သည်။ သူ့ထံပါး မာနကရှိသည်။ မည်မျှ အသုံးမဝင်သော အရာဖြစ်ပါစေ ၊ သူသည် ထိုမာနကို ထပ်မံ အပျက်ဆီးခံတော့မည်မဟုတ်။
မျှော်လင့်ထားသည့်အတိုင် လက်ယာ၏ ဦးခေါင်းက ရမ်းခါ ငြင်းဆိုသွားသည်။ ပြီးပြီ။
ဒီမှာ သူ့တောင်းခံမှုက ပြီးပြီ။
ထို့နောက် လူကြီးနှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုက ဦးဆောင်သွားသည်။ စာကြည့်ခန်းငယ်ဟာ ငြိမ်သက်ခြောက်ခြားလျက်။
တစ်ချိန်တည်းမှာပင် ထိုအခန်း၏ အပေါက်ဝနံရံ၌ ကျောမှီရပ်နေသော ကောင်လေးတစ်ယောက်ရှိသည်ကို သူတို့မသိခဲ့။ ကောင်လေး၏ ဝေဝါးလာသော အမြင်အာရုံက မျက်ရည်များကို သွေ့ဆော်နေသည်။ ကောင်လေးသည် တပ်ထားသော မျက်မှန်ကို ဆွဲချွတ်၍ ပါးပြင်ပေါ်က မျက်ရည်များကို ပွတ်သုတ်လိုက်သည်။
•••••••••
"စာမေးပွဲက ကပ်နေပြီ ၊ ငါကအလေလိုက်လို့ကောင်းတုန်း"
ဝရုန်းက ငိုင်နေသော သူ့ကို ပုခုံးဖက်လျက် အရယ်တစ်ဝက်နှင့် ဆိုလာသည်။ ကော်ရစ်တာက သူ့ခြေလှမ်းများသည် ခဲဆွဲထားသလို လေးလံနေ၏။
"ရှို့ ..."
သူ့အတွေးတွေက ဂယောက်ဂယက်။ အမြဲခပ်ပေါ့ပေါ့နေတတ်သည့် ကောင်က ချစ်သူကြောင့် တွေဝေနေရသည်။
"ရှို့ ... ဟေ့ကောင်"
နားထင်ကို တစ်ချက်ပိတ်တီးခံလိုက်ရမှ သံယာအသိဝင်တော့သည်။ ဝရုန်းထံ အယောင်ယောင်အမှားမှား လှည့်၍ ပြုံးပြမိသည်။
"ဘာဖြစ်နေတာလဲ မင်း?!"
"ဟင် အင်း ဘာမှမဖြစ်ပါဘူး"
ဝရုန်းက သူ့ကိုကြည့်ပြီး တွေးတွေးဆဆဖြစ်နေသည်။ ထို့ပြင် ဝရုန်းရဲ့ မျက်နှာက ရုတ်ချည်း ညိုးရော်ကျလာသည်။
"မင်း ... ငါနဲ့တွဲရတာ မပျော်လို့လားဟင်?"
"ဘာတွေတွေးနေတာလဲ ရုန်းရာ ၊ အဲ့လိုမဟုတ်ပါဘူး ငါဒီတိုင်းစဉ်းစားစရာလေးတွေ ရှိလို့ပါ ... မင်းငါ့ကို အဲ့လောက်ထိ အယုံအကြည်မဲ့ရသလား?"
သူ့စကားတွင် ဝရုန်း၏ လက်က ပုခုံးမှ ခါးဆီသို့ ပြောင်းသွားသည်။
"မယုံတာမဟုတ်ပါဘူး ငါမင်းကို အကြွင်းမဲ့ယုံတယ်။ မင်းမှာ ဘာစိတ်ညစ်စရာတွေရှိလို့လဲ ငါ့ကိုပြောပြလေ ... "
သံယာ ခေါင်းရမ်းပြပြီး လွယ်အိတ်ထဲက မုန့်ထုပ်ကို ယူကာ ဖောက်စားနေလိုက်သည်။ ဝရုန်း၏ ပါးစပ်ထဲကိုပါ အာလူးကြော်တစ်ချပ်ထည့်ပေးရင်းဖြင့် သူ့ကိစ္စက မကြီးကြောင်း ဝရုန်းကို နားလည်စေသည်။
"အိမ်တွင်းရေးပါ ဘာမှမဟုတ်ဘူး"
တကယ်က သူ့အိမ်တွင်းရေးမဟုတ်ဘဲ ဝရုန်း၏ အိမ်တွင်းရေး။
"အင်းအင်း"
နှစ်ယောက်သားစကားတပြောပြော လျှောက်လာရင်း ဝရုန်းအပါးသို့ လူရိပ်တစ်ခုကပ်လာခဲ့သည်။
"မာန်.."
အတန်းထဲက ကောင်လေးတစ်ယောက်။
"ဪ ... မြင့်ဦး"
ထိုကောင်လေးကို သံယာမသိ။ ဝရုန်းကတော့ သိဟန်တူသည်။ သိဆို ချစ်သူဖြစ်ပြီးကတည်းက သူဝရုန်း၏ ကိစ္စအချို့ကို ဝင်မစွက်ဖက်ဖြစ်ခဲ့။ ချုပ်ချယ်မှုကင်ကင်းဖြင့်သာ ဝရုန်း၏ သစ္စာကို အလေးထားခဲ့သည်။
ထိုကောင်လေးက ဝရုန်းကို စာမေးနေသည်။ သူနှင့်မဆိုင်၍ ဖာသိဖာသာနေသော်လည်း တစ်ချက်တစ်ချက်တော့ စောင်းကြည့်မိသည်။
"ဒါနဲ့ မာန် မင်းကောင်လေးတွေကို စိတ်ဝင်စားတယ်ဆို?"
ဒီစကားကြောင့် သံယာ ဖျတ်ခနဲ လှည့်ကြည့်မိသည်။ ကောင်လေးက သူ့ကို အရေးမစိုက် ၊ ဝရုန်း၏ အဖြေကိုသာ စိတ်ဝင်တစားစောင့်နေသည်။
"မင်းကို ဘယ်သူပြောလဲ?"
ဝရုန်း၏ အမေး။
"ဒီလိုပါပဲ ကြားတာ ... တကယ်လို့ မင်းစိတ်ဝင်စားတယ်ဆိုရင်လေ ငါနဲ့ တွဲကြည့်ပါလား ငါ တစ်ခါမှ မတွဲဖူးလို့ စမ်းကြည့်ချင်လို့"
"ဟေ့ကောင်!!!!"
အဖြစ်အပျက်များက မြန်ဆန်သည်။ ဝရုန်း ဒေါသထွက်ဖို့ပြင်ချိန်မှာပဲ သံယာက မြင့်ဦး၏ ကော်လံစကို လက်ဖြင့် ဆောင့်ဆွဲယူလိုက်သည်။ သံယာ၏ မျက်ဝန်းများက နီဆွေးလျက်ရှိသည်။
"ရှို့ ... "
"မင်းဘာစကားပြောတာလဲ ဟေ့ကောင် !!! ပြန်ပြောလိုက်စမ်း"
မြင့်ဦးသည် သံယာ၏ သန်မာလွန်းသော လက်များကြောင့် လည်ပင်းဆီက ဖျစ်ညှစ်မှုကို တနင့်တပိုးခံစားရပြီး အသက်ရှုလို့မဝ ဖြစ်နေသည်။ သူ့လက်နှင့်အတင်းပုတ်ထုတ်နေသော်လည်း သံယာဒေါသများက ပိုမို၍သာ ကြီးထွားလာခဲ့သည်။
ကော်ရစ်တာမှ ကျောင်းသားကျောင်းသူအချို့က စုရုံးစုရုံးဖြစ်လာကြပြီး သူတို့အခြေအတင်ဖြစ်ရာကို မသိမသာ ကြည့်နေကြသည်။
"ရှို့ ... လွှတ်အုံး လူတွေကြည့်နေပြီ"
ဝရုန်းက မတားရဲ တားရဲ နှင့် သတ္တိမွေးကာ တားမြစ်သည်။ ခုချိန် သံယာ့ပုံက သိပ်ကြောက်ဖို့ကောင်းနေသည်။ မြင့်ဦး၏ လည်ပင်းကော်လံတစ်ခုလုံးသည် သံယာ၏ လက်ထဲတွင် ကြေမွအောင် စုတ်ခြေခံနေရသည်။ အသက်ရှုကြပ်နေသော မြင့်ဦး၏ မျက်နှာက နီရဲကာနေသည်။
"ဝရုန်းသိုင်းမာန်က ငါ့ချစ်သူကွ!!!!"
"ရှို့!!!!"
အမှန်တရားဖြစ်သော်လည်း ဝရုန်း၏ ထိတ်လန့်မှူများက တားမရဆီးမရ ပျံ့ထွက်ကာသွားသည်။
ထိုနောက်တွင် ...
YOU ARE READING
ကောက်ရိုးမျှင်(Hay)(Completed)
Romanceသစ်ပင်ကြီးလို မှီကပ်နားခိုဖို့အသိထက် ဘဝတစ်ခုလုံးရဲ့ အားကိုးဆုပ်ကိုင်ရာ ကောက်ရိုးမျှင်လေးအဖြစ်....